အသက် ၁၂၀ ရှည်စေသော်ဝ် တဲ့။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သား ဖေဖေက
ပြုံးပြုံးကြီး ကြည့်တယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ ရုပ်ပျို
ဘယ်မှာ အိုလိမ့်မလဲ။
ကိုးကွယ်စရာ ဘုရားနဲ့ တရား
ချစ်ခင်မြတ်နိုး စရာ
ဇနီးမယား၊ သမီးနဲ့ သား
အသက် ၆၀ ဆိုတာ မှုစရာမို့လား ဖေဖေရယ်။
လွန်ခဲ့တဲ့ အနှစ် ၆၀ က
အမေနက် ပေးခဲ့တဲ့ အသက်တစ်ချောင်း
အခုဆို - အသက်ပေါင်းများစွာကို ကယ်ခဲ့
ဟောဒီဘ၀မှာလေ -
သံသရာ ရင်းစားကျေရုံမက
ကုသိုလ် အမြတ်တွေ အများကြီးရခဲ့ပြီ။
ကြွေးဟောင်းကျေတော့ ကြွေးသစ်ချ
ဘွဲ့တွေ၊ ဂုဏ်တွေ တသီကြီးရလို့
အခုဆို - ဆရာ၊ ဆရာမတွေဖြစ်
ဖေဖေ့ရဲ့ ကြွေးသစ်ကလေးတွေလေ။
ကျေးဇူးတင်ပါတယ် - ဖေဖေ။
ဖေဖေက -
သမီးတို့ ဦးနှောက်တွေကို ပုံစံ မချခဲ့ဘူး။
သမီးတို့ နှလုံးသားတွေကိုပဲ လမ်းပြခဲ့တယ်။
မာနတရားကို မသင်ဘူး။
ဂါရ၀တရားကိုပဲ သင်တယ်။
လူတော်တွေ ဖြစ်စေချင်လွန်းလို့
လူကောင်းလေးတွေ ဖြစ်အောင်ပျိုးခဲ့တယ်။
ဟုတ်တယ် -
ဖေဖေက အဲဒီလို ဥယျာဉ်မှုးမျိုး။
ဖေဖေက သမီးတို့ ကမ္ဘာရဲ့ သူရဲကောင်း
ဓားမကိုင်၊ လှံမကိုင်ဘူး။
မေတ္တာဓာတ်သက်သက်နဲ့
သမီးတို့ရှေ့မှာ မတ်မတ်ရပ်ခဲ့သူ။
ဖေဖေ့ကို ကြည်ညိုလွန်းလို့
ဖေဖေ့လို ဆရာဝန် ဖြစ်ချင်ခဲ့တယ်။
ဖေဖေ့ကို မြတ်နိုးလွန်းလို့
ဖေဖေ့လို စိတ်ဓာတ်ရချင်ခဲ့တယ်။
သမီးတို့တွေ အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လူနာတွေ များစွာအတွက်-
ဖေဖေ့ကို လိုအပ်တယ်။
မေမေ့ရဲ့နေ့ရက်တွေတိုင်း အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လိုအပ်သူတွေ ရှိနေသ၍
ဘ၀ဆိုတာ ရှင်သန်နေရမယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ နုပျို
ဘယ်မှာအိုလိမ့် မလဲ။
အသက် ၁၂၀ ရှည်စေသော်ဝ် တဲ့။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သားဖေဖေက ပြုံးပြုံးကြီးကြည့်တယ်။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Friday, April 17, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment