Tuesday, April 24, 2012

ငယ်သူငယ်ချင်း

ရေးသားသူ ယသော် at 2:27 PM 0 comments












ဘာရယ္မဟုတ္ဘူး။
ငယ်ငယ်တုန်းကလို အပြုံးမျိုး
ဖြူဖြူစင်စင် မပြုံးဖြစ်တာ
-------------------- ကြာပြီ။
အပြင်ဘက်က ထိုင်ခုံတွေ ကျယ်ကျယ်လာတိုင်း
ရင်ထဲက ထိုင်ခုံလေး ကျဉ်းကျဉ်းသွားတယ်။
အနှစ်သက်သက် စကားတွေပြောဖို့
------------------- ရေ
သက်ရှိထင်ရှားရှိနေသေးရင်
ငါ့ဆီ ဖုန်းခေါ်ပါ။          ။

Tuesday, April 17, 2012

ကာရန်များနှင့် ပျော်မွေ့ခြင်း

ရေးသားသူ ယသော် at 7:16 AM 0 comments
“ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်အား၊ သူဌေးသားလျှင်………” အစချီ၍ အသံကို အနိမ့်၊ အမြင့်ပြုကာ ပုံဝတ္တုလင်္ကာကို ဟန်ပါပါနှင့် အထစ်အငေါ့မရှိ ရွတ်ဖတ်နေသူ ကလေးငယ်တစ်ဦး။ ပြုပြင်ထားခြင်းမရှိသည့် ဆံနွယ် အခွေအခွေလေးများက နဖူးထက်တွင် ဖြာကျလျက်။ အရာရာကို စူးစမ်းလိုသော မျက်ဝန်းတောက်တောက်တစ်စုံ၊ ပါးဖောင်းဖောင်းလေးနှစ်ဖက်ပေါ်မှ သနပ်ခါးပါးကွက်ဝိုင်းလေးနှစ်ခု၊ နှုတ်ခမ်းချွန်ချွန်ကို ဖွင့်လိုက်၊ ပိတ်လိုက်နှင့် တတွတ်တွတ် ရေရွတ်လျက်။ ဖောင်းဖောင်းအိအိ လက်ချောင်းလေးများကို ဝှေ့ယမ်းလျက်။ ထီးကဲ့သို့ ပြန့်ကားနေသော ဂါဝန်အနားသားက ခြေသလုံးနားတွင် ဖားရရားကျလျက်။ “ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း။” မောသွားသလို အသက်ကိုခေတ္တရှိုက်၍ ရှုလိုက်ပြီးမှ “ဆားတုံ ဆရာတော်”ဟု ဆိုလိုက်သည်။ “ဘာတုန်း သမီးရဲ့ ဆားတုံဆရာတော်ဆိုတာ။” ခေါင်းလေးကို ဆတ်ကနဲလှည့်ရင်း “ရေးတဲ့သူလေ မေမေရဲ့။” ထိုစဉ်အခါက - သုံးနှစ်သမီးအရွယ်။

နှစ်သစ်ဆုတောင်း

ရေးသားသူ ယသော် at 7:12 AM 0 comments

အေးချမ်းမယ့် အတာရေ

မြန်မာတွေပက်ဖြန်း

နှစ်သစ်မှာ မင်္ဂလာလွှမ်းလို့

ဒီတခါ

ပြည်မြန်မာ အာရုဏ်ဦးမှာ

ကွယ် - ချမ်းမြေ့ရွှင်လန်း။

ဒီရပ်ကွက်ထဲက သူ

ရေးသားသူ ယသော် at 7:08 AM 0 comments
ဒီနေရာမှာတော့
စွန့်ပစ်ရတာ - တစ်ခုမှ မရှိဘူးတဲ့။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အာငါးအာ-ဆိုတာ သူ မသိပါဘူး။
ဒါပေမယ့် -
မြင်ရသမျှအားလုံး
ပြန်သုံးလို့ရတာချည်းပဲ။
ဒီနေရာမှာလည်း
အဆင့်အတန်းဆိုတာ ကွဲတယ်။
မြင့်ရင် တစ်ဈေး
နိမ့်ရင် တစ်ဈေး
သူ့အရည်အသွေးနဲ့သူ။
လူဖြစ်ကတည်းက
ဒီလုပ်ငန်းကို စခဲ့တာ။
မိရိုးဖလာ ဆိုပါတော့တဲ့။
သူက - သူ့အလုပ်သူ ဂုဏ်ယူတယ်။
သူများ အမှိုက်ပစ်လိုက်တိုင်း
သူ့ဆီမှာ ရွှေဖြစ်တာပါပဲတဲ့။
သူ့ဒဿနထဲမှာ။
ဆက်လုပ်နေဦးမှာပဲတဲ့။
အဲဒီရပ်ကွက်ထဲမှာ။ ။
(လေ့လာရေးခရီးတစ်နေရာ အမှတ်တရ)

Sunday, April 15, 2012

ရွာအ၀င်

ရေးသားသူ ယသော် at 12:04 PM 0 comments

ကျစ်တီးကုန်း၊ ထန်းတောအုပ်

ကန္တာရပင်တန်းနဲ့ ဖုန်တထောင်းထောင်းမြေ

အားလုံး ကလေးဘ၀က အတိုင်း။

တနယ်ပြင်မှာ ပဲကျဲပြီး

အင်းထဲမှာ ကြက်သွန်စိုက်တယ်။

အားလုံး ကလေးဘ၀က အတိုင်း။

အကြမ်းရည်၊ ထန်းလျက်ခဲ

ပလွေသံ ခပ်ချွဲချွဲနဲ့

လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေး

အားလုံး ကလေးဘ၀က အတိုင်း။

အညာစစ်စစ် နေ

အညာစစ်စစ် မြေ

အပြင်မှာ ပူနေပေမယ့်

ရင်မှာ ပူမနေဘူး။

အနှစ်နှစ်၊ အလလ ပျောက်ဆုံးခဲ့တဲ့

ရင်ထဲက တစ်စုံတစ်ရာ

အဲဒီမှာ - ပြန်ရှာတွေ့ခဲ့တယ်။

Friday, April 13, 2012

နေညိုချိန်

ရေးသားသူ ယသော် at 4:34 PM 0 comments
ဖယ်ခုံကနေ ရိုက်ထားတဲ့ အင်းထဲက အလှပါ။ နေညိုချိန်မှာ အချင်းချင်း အမှီသဟဲ ပြုနေကြတဲ့ လှေငယ်နှစ်စင်း။ တစ်ချိန်က သူတို့ကျောထက်မှာ ကုန်တွေ၊ လူတွေတင်လို့ လိုရာခရီးကို ရောက်အောင် အခေါက်ခေါက်၊ အခါခါ ပို့ခဲ့ဖူးမှာပါပဲ။ အခုတော့ ခိုနားရာအရပ်မှာ သူတို့နှစ်စင်းတည်း။

မွေးနေ့ဆုတောင်း

ရေးသားသူ ယသော် at 11:42 AM 0 comments

ကလေးရေ -

ဦးအောင်သန်းလည်း

ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ယူခဲ့မှာပဲ။

ဦးခန့်ကလည်း

သူ့အကို ဦးသန့်အတွက် ဂုဏ်ယူခဲ့မှာပဲ။

သွေးသားဆိုတာက

စည်းတားမရတဲ့ ဆိုးတူကောင်းဘက်တွေ။

ကံကြမ္မာရွေးပေးတဲ့ ဆေးချက်ကျရာတွေ။

ဒီတော့

တို့မိသားစုကလည်း

ဒီကလေးရဲ့ဖြစ်တည်မှုအတွက် ဂုဏ်တွေယူလို့။

နှစ်သစ်မှာ အရာရာ အကောင်းဆုံးဖြစ်မယ်လို့

မြန်မာတိုင်းကမျှော်လင့်သလို -

ကလေးရဲ့နေ့ရက်တွေတိုင်းမှာ

အသာယာဆုံးဖြစ်ဖို့

တို့အားလုံးကမျှော်လင့်လို့ ။

ကမ္ဘာကြီးလည်နေမှာ သေချာသလိုမျိုး

အရှေ့ကနေထွက်မှာ သေချာသလိုမျိုး

ကလေးရဲ့ ဖြူစင်ရိုးသား၊ စိတ်ဓာတ်ခွန်အားကို

သေချာယုံကြည်လို့။

ဒီမွေးနေ့မှာ - ဆုတောင်းပေးလိုက်ပါရဲ့။

ကမ္ဘာကို ပိုလှအောင် ဖန်ဆင်း

အလင်းဆောင်နိုင်သူတစ်ယောက် ဖြစ်ဖို့။

(ညီမလေးရဲ့ ဧပြီ ၁၄ မွေးနေ့အတွက်)

လားရာ

ရေးသားသူ ယသော် at 11:20 AM 0 comments

လူ့အသက်တွေကို ကယ်နိုင်တဲ့ ဆရာဝန်

အနာဂတ်တွေကို ရှင်သန်စေတဲ့ ဆရာမ

ဗုဒ္ဓဘာသာဝင်စစ်စစ်ဘဝနဲ့

ဒီမိဘတွေရဲ့ ရင်သွေးဖြစ်ခွင့်ရခြင်း

ဒါ - အမြဲတမ်း ဂုဏ်ယူနေမယ့် ငါ့ရဲ့စာရင်း။

အမှန်တရားဆီ ဦးတည်လျှောက်ခဲ့တော့

ငါ့လမ်းက ကြမ်းတယ်။

တန်ဖိုးထားတဲ့ မေတ္တာ၊ ဂရုဏာ

ကိုယ်ချင်းစာတရား

လွတ်လပ်မှုနဲ့ ယုံကြည်မှုများ

ပျောက်သွားမှာစိုးလို့

ထုတ်ထုတ်ကြည့်ရတယ်။

မေ့သွားမှာစိုးလို့

ထုတ်ထုတ်သုံးရတယ်။

ကျန်ရှိနေသေးတဲ့ ငါ့သက်တမ်းကိုလည်း

အဓိပ္ပါယ်အပြည့်နဲ့ ဖြတ်သန်းချင်ရဲ့။

ပြာမှုန်ဘဝမရောက်ခင်

အစွမ်းကုန်ရုန်းကန်ရင်း

ထွန်းလင်းတောက်ပခြင်းတွေနဲ့ ဘဝမျိုး။

ခြားနားခြင်း

ရေးသားသူ ယသော် at 11:18 AM 0 comments

ရေခံမြေခံ

ဥတုရာသီ

ပေါက္ခရသွက္ခမိုး

သန္ဓေတည်ခဲ့သော မျိုးစေ့

ဟိုဘက် ဒီဘက်ရွှေ့မရသော ဖြစ်တည်မှု

----------------------------------------

တမိုးတည်းအောက်မှာ -

------------ အရာရာ ကွဲခဲ့တယ်။

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea