Tuesday, April 17, 2012

ကာရန်များနှင့် ပျော်မွေ့ခြင်း

ရေးသားသူ ယသော် at 7:16 AM
“ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်အား၊ သူဌေးသားလျှင်………” အစချီ၍ အသံကို အနိမ့်၊ အမြင့်ပြုကာ ပုံဝတ္တုလင်္ကာကို ဟန်ပါပါနှင့် အထစ်အငေါ့မရှိ ရွတ်ဖတ်နေသူ ကလေးငယ်တစ်ဦး။ ပြုပြင်ထားခြင်းမရှိသည့် ဆံနွယ် အခွေအခွေလေးများက နဖူးထက်တွင် ဖြာကျလျက်။ အရာရာကို စူးစမ်းလိုသော မျက်ဝန်းတောက်တောက်တစ်စုံ၊ ပါးဖောင်းဖောင်းလေးနှစ်ဖက်ပေါ်မှ သနပ်ခါးပါးကွက်ဝိုင်းလေးနှစ်ခု၊ နှုတ်ခမ်းချွန်ချွန်ကို ဖွင့်လိုက်၊ ပိတ်လိုက်နှင့် တတွတ်တွတ် ရေရွတ်လျက်။ ဖောင်းဖောင်းအိအိ လက်ချောင်းလေးများကို ဝှေ့ယမ်းလျက်။ ထီးကဲ့သို့ ပြန့်ကားနေသော ဂါဝန်အနားသားက ခြေသလုံးနားတွင် ဖားရရားကျလျက်။ “ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း။” မောသွားသလို အသက်ကိုခေတ္တရှိုက်၍ ရှုလိုက်ပြီးမှ “ဆားတုံ ဆရာတော်”ဟု ဆိုလိုက်သည်။ “ဘာတုန်း သမီးရဲ့ ဆားတုံဆရာတော်ဆိုတာ။” ခေါင်းလေးကို ဆတ်ကနဲလှည့်ရင်း “ရေးတဲ့သူလေ မေမေရဲ့။” ထိုစဉ်အခါက - သုံးနှစ်သမီးအရွယ်။

“အေးရိပ်သာတဲ့၊ ပြည်ညောင်ညို၊ ဥသြတွန်သံချို ……….” လွှဲနေသောဒါန်း၏ တစ်ကျွီကျွီမြည်သံနှင့်အတူ လွင့်ပျံ လာသော ကဗျာရွတ်သံ တစ်ပိုင်းတစ်စ။ မျက်ဝန်းအစုံကမူ မလှမ်းမကမ်း သစ်ပင်ပေါ်တွင် ခိုနားဆော့ကစားနေသော ငှက်ကလေးများကို ငေးမောလျက်။ ကဗျာရွတ်လည်း မပျက်။ လက်တစ်ဖက်တွင်မူ အရွယ်ကြီးကြီး၊ ခပ်ပါးပါး ဖတ်ပါများ၍ ဟောင်းနွမ်းနေပြီဖြစ်သော စာအုပ်တစ်အုပ်ကို ကိုင်လျက်။ အကယ်၍သာ အနီးကပ်သွားကြည့်လျှင် စာအုပ်ပေါ်တွင် “မောင်ခွေးဖို့ ကလေးကဗျာများ” ဟူ၍ ခပ်သော့သော့လက်ရေးဖြင့် ရေးထားသည်ကို တွေ့ရပေမည်။ ကျောင်းအုပ်ဆရာ ဟောင်းကြီးဖြစ်သော အဘိုး၏စာအုပ်စင်မှ မွှေနှောက်ရှာဖွေ၍ ရလာခဲ့သော တန်ဖိုးအထားဆုံးပစ္စည်း။ အဘိုး၏ အကူအညီနှင့် ဤစာအုပ်ထဲမှ ဇာတ်ကောင်များနှင့် ရင်းနှီးခွင့်ရခဲ့သည်။ ကဗျာများမှတဆင့် သပြေပင်အောက် ရောက်ခဲ့ရ သည်။ ကြာဖြူ၊ကြာနီ ချိုးခဲ့ဖူးသည်။ အုန်းလက်နွားနှင့် ဆော့ခဲ့သည်။ စမ်းရေတသွင်သွင် စီးသော မြက်ခင်းစိမ်းလွင်ပြင်ကို ခပ်ဝါးဝါးမြင်ခဲ့ရသည်။ ထိုစဉ်အခါက - ခြောက်နှစ်သမီးအရွယ်။
လက်အုပ်အစုံကို ဖွဖွချီရင်း ဝတ်သုံးကြိမ် ဖြည့်လိုက်သည်။ မျက်နှာကို ပြန်မော့ခိုက် “ကျက်လာတဲ့စာတွေ ရပြီလား။ ဆိုကြည့်စမ်း” “တင်ပါ့ဘုရား။” တစ်ချက်ပြန်စဉ်းစားလိုက်ပြီးမှ “ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။ ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ………..” သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကို ဖွဲ့ဆိုထားသော ကဗျာများကို တစ်ဆက်တစပ်တည်း ရွတ်ဆိုသွားခြင်း။ ပြီးလျှင် ဘုရားဖြစ်စဉ်တော်များ။ တစ်ပုဒ်ပြီး တစ်ပုဒ်။ ဦးနှောက်တွင်စွဲအောင် ကျက်၍ နှလုံးသားတွင် စွဲအောင် မှတ်ရသည်။ ဌာန်ကရိုဏ်းမကျလျှင် ပြန်ရွတ်ရသည်။ စတင်သင်ကြားစဉ်ကပင် ဗုဒ္ဓကို ပညာဥာဏ်နှင့်သာမက အသံဖြင့်ပါ ပူဇော်နိုင်ရန် ရည်ရွယ်ခြင်း။ တရားတော်သည် ရွတ်သူသာမက နာသူပါ သဒ္ဓါပွားရမည်။ ဆရာတော်၏ မျက်နှာတော်သည် ပြုံးယောင်သမ်းလျက်။ ကျောင်းတိုက်အတွင်းရှိ နေရာအသီးသီးတွင်လည်း စာချသံ၊ စာရွတ်သံများ ဖုံးလွှမ်းလျက်။ လေအဝှေ့တွင် ကျောင်းအဝင်မုဒ်ဦးဆီမှ “နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း” ဟူသော စာတမ်း သည် တဖျတ်ဖျတ်လွင့်လျက်။ ထိုစဉ်အခါက - ကိုးနှစ်သမီးအရွယ်။
ကျောင်းသူ၊ ကျောင်းသားများ အုတ်အုတ်ကျက်ကျက်နှင့် ဝိုင်းအုံတိုးဝှေ့လျက်။ ကျောင်းစာကြည့်တိုက်ရှေ့ စင်္ကြန်တွင် ကျောက်သင်ပုန်းသုံးချပ်ကို စီတန်း၍ ခင်းကျင်းထားသည်ကို တွေ့ရ၏။ ဖဲကြိုးများ၊ ပန်းများနှင့် အလှဆင်ထား ပြီး အရောင်အသွေးစုံ စာရွက်တို့ကိုလည်း ကပ်ထား၏။ အာစရိယပူဇော်ပွဲအထိမ်းအမှတ် ကျောင်းသူ၊ ကျောင်းသားများ၏ လက်ရာ ကာတွန်းများ၊ ကဗျာများနှင့် ဆောင်းပါးများ။ ယင်းတို့အနက်မှ လက်ရေးဝိုင်းဝိုင်းကို ခပ်ကျဲကျဲရေးကာ ပန်းခက် လေးများနှင့် အနားကွပ်ထားသော ကဗျာရှည်တစ်ပုဒ်။ အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ် ကျောင်းသူတစ်ဦးသည် လူအုပ် ကြားထဲသို့ အတင်းတိုးဝင်လိုက်ရင်း ထိုကဗျာရှိရာအရောက် လက်နှင့် တစ်ချက်လှမ်းထောက်လိုက်သည်။ လူအုပ်ထဲတွင် ယိမ်းလိုက်၊ လွင့်လိုက် မျောနေရင်းနှင့်ပင် ကဗျာအစမှ အဆုံးကို ခပ်ဖွဖွ ရွတ်ကြည့်နေပြန်သည်။ ပြီးလျှင် လောကကြီးကို အောင်နိုင်သူတစ်ဦးလို ကျေကျေနပ်နပ်ပြုံးလိုက်ပြီး လူအုပ်အပြင်သို့ တိတ်တိတ်ဆိတ်ဆိတ်ပင် ထွက်ခွာသွားတော့သည်။ ထိုစဉ်အခါက - ဆယ့်နှစ်နှစ်အရွယ်။
“ရော့၊ နင့်အတွက် လက်ဆောင်” မိန်းကလေးတစ်ဦးက စာအုပ်အထပ်ထဲမှ တစ်အုပ်ကိုယူ၍ အခြားတစ်ဦးထံ လှမ်းပေးလိုက်သည်။ ဖတ်စာစာအုပ်များလို ခပ်ထူထူကြီးကြီးလည်း မဟုတ်။ လေ့ကျင့်ခန်းစာအုပ်လို အရွယ်လည်းမဟုတ်။ လက်တစ်ဝါးခန့်သာရှိသည့်၊ စုချုပ်ထား၍သာ စာအုပ်ဟုခေါ်နိုင်သည့် မည်ကာမတ္တ စာအုပ်တစ်အုပ်။ စာအုပ်အဖုံးမှ အပိတ် အထိ တစ်ပုဒ်စီတိုင်းကို သရုပ်ဖော်ပန်းချီများ ဆွဲထားပြီး အထဲတွင် ကဗျာစာသားများ။ ကျောင်းအကြောင်း၊ သူငယ်ချင်း တွေအကြောင်း၊ သစ်ပင်တွေ၊ မြစ်တွေ၊ တိမ်တွေနဲ့ လူငယ်ဘဝရဲ့နေ့ရက်တွေအကြောင်း။ သစ်ရွက်လှုပ်ရင် ရယ်တတ်တဲ့ အရွယ်မှာ ဒီမိန်းကလေးက မရယ်ဘူး။ သစ်ရွက်တွေကိုကြည့်ပြီး ကဗျာရေးတဲ့သူ။ အချစ်ဇာတ်လမ်းတွေထက် မြန်မာကဗျာ ဖွဲ့ထုံးကျမ်းကို ပိုချစ်တတ်ခဲ့သူ။ သူ့စာ၊ သူ့ကဗျာက သူ့ကမ္ဘာပဲတဲ့။ ထိုစဉ်အခါက - ဆယ့်ငါးနှစ်အရွယ်။
တက္ကသိုလ်တစ်ခု၏ ကျောင်းသူများနားနေခန်း။ ကျောင်းဖွင့်စကာလမို့ တစ်ဦးနှင့်တစ်ဦး ကောင်းစွာ မသိကြသေး ချိန်။ ကျောင်းသူနှစ်ဦး မဂ္ဂဇင်းတစ်အုပ်ကို ခေါင်းချင်းဆိုင်ဖတ်နေရင်း “ဟိတ်- ဒီမှာကြည့်စမ်း။ ဒီလကဗျာထဲမှာ ရွေးခံရတဲ့ တစ်ယောက်က ငါတို့ ကျောင်းကပဲတဲ့။ ဘယ်အတန်းက ဖြစ်မလဲမသိဘူးနော်။ ရေးထားတဲ့နာမည်ကတော့ ကလောင် နာမည်ထင်တယ်။” ဘေးဘက်ကခုံတွင် တစ်ဦးတည်းထိုင်ရင်း စာဖတ်နေသော ကျောင်းသူတစ်ဦးက သူမတို့ဖတ်နေသော စာအုပ်ကို တစ်ချက်လှမ်းကြည့်သည်။ ပြည်တွင်းတွင် ဖြန့်ချီသော လစဉ်ထုတ် အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်။ အပြုံးတစ်စကို တိတ်တိတ်ဆိတ်ဆိတ် ချွေချရင်း သူမလွယ်အိတ်ထဲမှာ ရတနာတစ်ပါးလို သိမ်းထားတဲ့ စာအုပ်လေးကို အသာအယာ ဆွဲထုတ်လိုက်တယ်။ ဟိုဘက်က ကျောင်းသူလေးနှစ်ယောက်ဖတ်နေတဲ့ စာအုပ်နဲ့ ပုံစံတူပေါ့။ ထူးခြားတာဆိုလို့ အဲဒီ စာအုပ်လေးရဲ့ မျက်နှာဖုံးမှာ “ကလောင်ရှင်သို့”လို့ ရေးထားတဲ့ စာတမ်းလေးတစ်ခုပဲ အပိုပါပါတယ်။ ထိုစဉ်အခါက - ဆယ့်ရှစ်နှစ်အရွယ်။
ဒီဦးနှောက်တစ်ခုတည်းက တွေးထားသမျှကို လက်ဆယ်ချောင်းက အကောင်အထည်ဖော်လို့ကို အလျဉ်အမီနိုင် ဘူး။ နောက်ဆုံးတစ်ချက်ပြန်ကြည့်ပြီး စိတ်တိုင်းကျပြီဆိုမှ word ပေါ်ကစာသားတွေကို အသင့်ဖွင့်ထားပြီးသား webpage ပေါ်ကို ပြောင်းတင်လိုက်တယ်။ ပြီး publishဆိုတဲ့ လေးထောင့်တုံးလေးကို တစ်ချက်နှိပ်လိုက်တဲ့အခါ မကြာခင်မှာပဲ သူမရဲ့ blogမှာကဗျာတစ်ပုဒ် ထပ်တိုးလာပြန်တာကို မြင်ရပြီပေါ့။ ဝင်ရောက်ကြည့်ရှုသူများ ဆိုတဲ့နေရာမှာ မှိတ်တုပ်မှိတ်တုပ် မီးလေးက ၁၃၂ ဆိုတဲ့ ဂဏန်းကို ဖော်ပြနေတယ်။ share ဆိုတဲ့နေရာကနေတဆင့် facebook ကို လှမ်းပို့လိုက်တယ်။ တစ်စက္ကန့်၊ နှစ်စက္ကန့် ……..။ ဟော - message တစ်ခုဝင်လာပါလား။ ဝေဖန်သံတွေ၊ အကြံပေးသံတွေ။ ကလစ်တစ်ချက် နှိပ်ပြီး ဖွင့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးထဲကို ရောက်သွားပါတော့တယ်။ အခု သူမ လား ………?

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea