ကိုယ့်ဝါသနာနှင့် ကိုက်ညီတဲ့ အလုပ်တစ်ခု၊ သင်ယူလေ့လာချင်ခဲ့တဲ့ ပညာတစ်ရပ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ အခုအချိန်ဆိုတာ ငယ်ငယ်က အိပ်မက်တွေကို ရယူ ဆုပ်ကိုင်ထားနိုင်တဲ့၊ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ အရောင်တောက်ပနေတဲ့ ကြားကာလတစ်ခုပဲ မဟုတ်ပါလား။
ဒါဆိုရင် ဘာလို့ အတိတ်ကို လွမ်းနေရတာလည်း။ ဖြစ်နိုင်တာက ရန်ကုန်ဆိုတဲ့ အညာမဆန်တဲ့ မြို့ကြီးကို ရောက်ကတည်းက ဒီရောဂါရသွားတာ ဖြစ်မယ်။ အသက်ရှုမဝတဲ့ တိုက်ခန်း၊ ဆူညံသံလွှမ်းတဲ့ မြို့ပြ၊ ဘတ်စ်ကားတိုးစီးရတဲ့ နေ့စဉ်ဘဝမှာ ကိုယ်ဘယ်လိုမှ အသားမကျနိုင်ခဲ့။ စိတ်ထဲရှိသမျှ ဖွင့်ချတတ်တဲ့၊ အူလှိုက်သည်းလှိုက် စကားပြောတတ်တဲ့၊ ကိုယ့်ကိုယ်ကို အနော်က၊ အနော်က ဆိုပြီးပြောတတ်တဲ့ ကိုယ့်ကိုလည်း ရန်ကုန်အသိုင်းအဝိုင်းက အသားကျဟန်မတူပါ။ ဒီလိုနဲ့ပဲ တစ်ဦးမေတ္တာ တစ်ဦးမှာ ရောင်ပြန်ဟတ်ရင်း အတိတ်ကို လွမ်းခြင်းလည်း ရင့်ပြီးရင်း ရင့်၊ နင့်ပြီးရင်း နင့်လာတော့တာပေါ့။
တစ်နေ့။ ဟုတ်တယ်။ သိပ်မကြာသေးတဲ့ တစ်နေ့ကပေါ့။ google ကို ဖွင့်ထားချိန်မှာ ဘာကို ရှာမယ်လို့ မရည်ရွယ်ရသေးခင် စကားလုံးတစ်ချို့ကို လက်ကရိုက်နှင့်ပြီးသားဖြစ်နေတယ်။ လက်သန်းက enter ကို ခေါက် မိရုံပဲရှိသေးတယ်။ ကျလာတဲ့ site က တကယ့်ကို မယုံနိုင်စရာ။ ဆယ်စုနှစ်တစ်စုစာ မေ့လျော့နေခဲ့မိတဲ့ ကိုယ့်ရဲ့ မြို့ဟောင်းလေးနာမည်။ ဟုတ်တယ်။ အဲဒီတော့မှပဲ ကိုယ်ဘာကို လွမ်းဆွတ်နေမိတယ်ဆိုတာ လုံးဝသေချာ သွားပါတော့တယ်။
ကွန်ပြူတာဆိုတဲ့ ကြားခံမီဒီယာက အတိတ်ကို ပြန်ရှာဖို့အတွက် လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ online ဆိုတဲ့ တံခါးဝကို ဖြတ်သန်းပြီး ကမ္ဘာတစ်ဝှမ်းလုံးကို လေ့လာခဲ့ဖူးတယ်။ အသစ်အဆန်းဆိုတဲ့ မသိသေးတဲ့အရာများစွာကိုလည်း လက်ချောင်းလေးတွေ တစ်တောက်တောက် ခေါက်ရင်း လျှောက်ကြည့်ခဲ့ဖူးတယ်။ ကမ္ဘာကြီးပြားသွားပြီဆိုတာကို ယုံကြည်ထားပြီးသားကိုယ်က ကိုယ့်ရဲ့ မြို့လေး ကမ္ဘာ့ဇာတ်ခုံပေါ်ရောက်နေတာကိုတော့ ရင်သပ်ရှုမော ဖြစ်မိသတဲ့။ အဲဒီလိုဖန်တီးထားတဲ့သူက ကိုယ့် သူငယ်ချင်းဖြစ်တယ်ဆိုတာကိုလည်း အံ့သြမဆုံး ဖြစ်မိသတဲ့။
အခန်းထဲမှာ လည်ပတ်နေတဲ့ ပန်ကာလေက ချက်ချင်းပဲ တမာပန်းရနံ့တွေ မွှေးပျံ့လာသလိုလို။ ပြူတင်းပေါက်အပြင်ကို ကြည့်လိုက်ရင်ပဲ အညာက မြင်ကွင်းတွေကို တွေ့ရတော့မလိုလို။ ကိုယ်ကိုယ်တိုင်ပဲ နှစ်ပေါင်းများစွာ ပြန်ငယ်သွားသလိုလို။ siteတစ်ခုကို ckickဖို့ အချိန်ဘယ်လောက်လိုပါမလဲ။ ဒီလက်သန်းလေး အရွေ့မှာပေါ့ သက္ကရာဇ်တွေ နောက်ပြန်ရစ်သွားတာ။
ကိုယ်သိပြီးသား အကြောင်းအရာတွေ၊ ကိုယ်မသိသေးတဲ့ အပြောင်းအလဲတွေ၊ ပုံရိပ်တွေ တဖျပ်ဖျပ် လှုပ်ရှား။ ကြည့်စမ်း။ မြို့လေးနဲ့ ပတ်သက်သမျှ သစ်ပင်လေးတွေ ကြီးလာတာကစလို့ မြို့အဝင်နေရာကနေ မြို့အထွက်အဆုံး ရှိသမျှအကုန်လုံးကို ဘယ်လောက်တောင် လွမ်းနေခဲ့တယ်ဆိုတာ။ ကလေးတွေက ချော့ရင် ပိုငိုတယ်တဲ့။ ကလေးမဟုတ်၊ ဘာမဟုတ်နဲ့ ကိုယ့်မှာ အလွမ်းကို အလွမ်းလို့သိမှ ပိုလွမ်းမိနေတဲ့ အဖြစ်။ ဟုတ်တယ်။ ကိုယ်က တံတားပေါ်မှာရပ်နေတော့ အချိန်ရေတွေ စီးသွားတာကို မသိလိုက်သူ။
ဖတ်ပြီး သိပ်ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်ထဲကစာသားပေါ့။
“ အရင်းအနှီးများတဲ့ ခရီးတွေ သွားခဲ့ပြီးမှ
အရင်းအနှီးများတဲ့ ခရီးတွေမို့
အိမ်မပြန်နိုင်ခဲ့ဘူး။” တဲ့။
ကိုယ်အပါအဝင် ဘယ်နှစ်ယောက်တောင် အိမ်ပြန်ဖို့ မေ့ခဲ့ကြပြီလဲ။ သူငယ်ချင်းရေ- မင်းတာဝန်ကျေ ပါတယ်ကွာ။ မင်းဖန်တီးခဲ့တဲ့ ဒီကမ္ဘာလေးကနေ အိမ်ပြန်လာချင်အောင် ဘယ်နှစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီ လဲ။ သူတို့တွေလည်း ကိုယ့်လိုပဲ တွေးမိနေကြမှာပါ။ ကိုယ့်လိုပဲ မင်းနဲ့အတူ မြို့လေးကိုလွမ်း တမ်းတနေကြမှာပါ။ မင်းပြောသလိုပေါ့ သူတို့တွေ “ဂငယ်”ကွေ့ ပြန်ကွေ့လာတဲ့အခါ သူတို့တွေနဲ့အတူ ပညာတွေ ပါလာမယ်။ မြို့လေးအတွက် ပိုကောင်းမယ့် မနက်ဖြန်တွေကို ဖန်တီးနိုင်ကြလိမ့်မယ်။
“ကျွန်တော်တို့မှာ လုပ်ကိုင်ကြဖို့ ခွန်အားမဲ့နေတာ မဟုတ်ပါဘူး။ ဆန္ဒမဲ့နေကြတာပါ” - ဆိုတဲ့ မင်းယုံကြည်တဲ့ စကားတစ်ခွန်းကို ထပ်ဖြည့်ချင်တယ်။ တစ်ခါတစ်လေမှာ ဆန္ဒရှိလျက်နဲ့ သတိမထားမိခဲ့ တာလည်း ရှိနေနိုင်သေးတာပဲ ဆိုတဲ့အကြောင်း။ ကိုယ့်ကိုယ်ကို အမြင့်ရောက်အောင်ပျံရင်း ပြန်မြင်လာတတ်တဲ့ အသိတွေက မြို့လေးမှာနေတုန်းက မလုပ်နိုင်ခဲ့တဲ့ အကြောင်းအရာတွေရဲ့ အဖြေတွေဖြစ်နေတဲ့အကြောင်း။ စတဲ့ စတဲ့ ခေါင်းစဉ်ပေါင်းများစွာ။
အခု ကိုယ့်ရဲ့ ဒိုင်ယာရီထဲမှာ လုပ်စရာတစ်ခု ထပ်တိုးလာပြီ။ ကိုယ်တို့တွေ မုန်းတီးကြတဲ့ ငရဲတလင်းမြေတွေကို အသွင်ပြောင်းဖို့။ လောင်ကျွမ်းပေမယ့် မမြင်သာတဲ့ ဖွဲမီး၊ ခြလိုလှိုက်စားသွားတဲ့ ကာလ၊ မသိလိုက် မသိဘာသာ နစ္စဓူဝ၊ ဒီအရွေ့တွေကို ဘယ်သူက သတိထားမိကြသလဲ။ ဒေးဗစ်ကိုပါးဖီးလ် မဟုတ်လည်း သူတို့က တောင်ကို ဖျောက်နိုင်တယ်။ ဒါပေမယ့် သမိုင်းကိုတော့ မဖျောက်နိုင်ခဲ့။ သိလား။ လူငယ်ဆိုတာ ခိုင်းမှလုပ်တာ မဟုတ်ဘူး။ အမှောင်ထုကို ဖြိုခွဲ။ ကိုယ့်အလင်းနဲ့ကိုယ် ရဲရဲပွင့်ရဲတဲ့သူ။
အတိတ်မှာ ကိုယ်တို့က အတောင်ဖွင့်ပြီး ခရီးလွင့်ချင်တဲ့ ငှက်ငယ်။ ဒီဘက်ကိုင်းကနေ ဟိုဘက်ကိုင်းကို ရောက်ချင်လည်း ရောက်မယ်။ မိုးကုတ်စက်ဝိုင်းကို ရောက်ချင်လည်း ရောက်မယ်။ ကောင်းကင်ပြာချင် ပြာမယ်။ မုန်တိုင်းလာချင် လာမယ်။ ဒါပေမယ့် ပျံသန်းခဲ့ကြ။ အရပ်မျက်နှာအသီးသီးကို ဦးတိုက်ခဲ့ကြ။ အသွေးအရောင် မတူကြတဲ့ထဲမှာမှ ကိုယ်က တခြားအရာတွေရဲ့ တစ်ဖက်။ ပြောရမယ်ဆို သင်းကွဲငှက်။ အိပ်တန်းပြန်ချိန်ရောက် ရင်တော့ ဘယ်ငှက်မဆို အသိုက်ရှိရာ ပြန်လာမှာပါပဲ။ အရာအားလုံးကို လွှတ်ချလိုက်တဲ့အခါ အတိတ်ဆိုတာက နက်ဖြန်ခါပြန်ဖြစ်လာတတ်တာမျိုး။ ။
0 comments:
Post a Comment