ဘေးနားတွင် ကျုံ့ကျုံ့ရုံ့ရုံ့ထိုင်ကာ မျက်လုံးလေးကလည်ကလည်နှင့် နားထောင်နေသူက ဘေးအိမ်မှ တရုတ်လေး။ ငါးနှစ်သားနှင့် သုံးနှစ်သားတို့ သက်ကြီးစကား သက်ငယ်ကြားနေကြပေသကိုး။ ပြောနေသည်ကိုလည်း နားစွန့်ပါဦး။ ငါတို့ငယ်ငယ်တုန်းကပေါ့ကွာ တဲ့။ ဒါမျိုး ကစားကွင်းတွေ၊ ဘာတွေ မရှိဘူးကွ တဲ့။ ဆော့ချင်ရင် တိရိစ္ဆာန်ဥယျာဉ်ပဲ သွားရတာဆိုပဲ။
ဒီငါးနှစ်သားက ရုပ်တည်ကြီးနှင့် အတိတ်ကို အားမလိုအားမရ ပြန်ပြောင်းတသနေပုံကို ကြည့်ကာ ကျွန်မမှာ ဘာဝင်ပြောရမည်မသိ။ ကျေးဇူးရှင်နှစ်ပါးကတော့ သူ့အရှိန်နဲ့သူ လိမ့်လို့ကောင်းတုန်း။ မနေ့တစ်နေ့ကမှ လမ်းထိပ်နားတွင် အသစ်ဖွင့်လှစ်လိုက်သော မနော်ရမ္မံ ဥယျာဉ်ကစားကွင်းမှ ပြန်လာပြီးကတည်းက ဆော့ခဲ့သမျှကို စားမြုံ့ပြန်ရင်း ဤသို့ စကားလုံးများ ပေါ်ထွက်လာရခြင်း ဖြစ်လေသည်။ ဒီရက်ပိုင်းအတွင်း သူတို့လောကတွင် အဟော့ဆုံး သတင်းကား ကစားကွင်းအကြောင်းပင် ဖြစ်နေတော့သည်။
ဟုတ်လည်း ဟုတ်ပါသည်။ ဥယျာဉ်ကို အသစ်ပြန်လည် မတည်ဆောက်မှီ ၆၂လမ်းကို မြေတိုင်းအဖွဲ့လာရောက်လေ့လာစဉ်မှ၍ လမ်းတိုးချဲ့ခြင်း၊ မြေဖို့ပြုပြင်ခြင်း၊ ကွန်ကရစ်ခင်း ပလက်ဖောင်းများ ဆောက်လုပ်ခြင်း၊ ကစားကွင်းမြေနေရာရှင်းလင်းခြင်း စသည့် စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စိတ်ဝင်တစား စောင့်ကြည့်အကဲခတ်နေသူတစ်စုမှာ စီးပွားရေးလုပ်ငန်းရှင်များလည်း မဟုတ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များလည်း မဟုတ်၊ ရပ်ကွက်အတွင်းရှိ တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ့် ဒင်းတို့ သုံး၊ လေး၊ ငါးနှစ်အရွယ်တွေပင်။ လူကြီးတွေအလစ်မှာ သွားချောင်းကြည့်၊ မြင်ခဲ့ရသမျှတွေကို မမောနိုင်၊ မပန်းနိုင် လည်ပြော။ သူတို့မှာ တစ်နေ့၊ တစ်နေ့ အလုပ်တွေကို ရှုပ်လို့။
ကန်ထဲမှာ ဘဲရုပ်တွေ ရောက်လာပြီ။ ကောင်းကင်ရထား ရောက်နေပြီ။ တိုက်ကားရုံ ဆောက်နေပြီတဲ့။ ပျော့ပျော့အိအိအိမ်လည်း ပါမယ်ဆိုပဲ။ သူတို့ကလေးလောကရဲ့ သတင်းပျံ့နှံ့မှုနှုန်းကလည်း အံ့သြစရာ ကောင်းလောက်အောင် မြန်သည်။ မျှော်လင့်စောင့်စားခဲ့ရသမျှ ကစားကွင်းလည်း ဖွင့်ပြီဆိုရော။ လား - လား။ အိမ်မှာ လူကြီးတစ်ယောက် အားလိုက် လိုက်ပို့ခိုင်းလိုက်၊ ဘေးအိမ်ကလူတွေ သွားလိုက် လိုက်သွားလိုက်နှင့် လူကြီးတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားသည်။ ကလေးတစ်သိုက်မှာ မမောနိုင်၊ မပန်းနိုင် သွား၍ မပြီးနိုင်တော့။
မျောက်မူးလဲတို့၏ ရွှေရောင်ကာလများပင်။ ဝင်ကြေးအခမဲ့ဖြစ်၍ အိမ်မှ တောင်း၍ရသမျှသော အဿပြာတို့ကို ကစားနည်း အမျိုးမျိုးတို့တွင် သုံးဖြုန်းနိုင်၏၊ ခဏ၊ ခဏ သွားလွန်း၍ ပိုက်ဆံတောင်းမရ တော့လျှင်လည်း ကိစ္စမရှိ။ သူများ ဆော့နေသည်ကို ကြည့်ကာ မုဒိတာပွားနိုင်ကြ၏။ ဤအခြေအနေကို ဆင်ခြင်သုံးသပ်ကာ အိမ်မှ မဟာပညာကျော်ကြီးက သူ့မှာ လူဖြစ်စောရလေခြင်းဟု အားမလိုအားမရ၊ မချိတင်ကဲ၊ ရင်ကွဲပက်လက်နှင့် ရေရွတ်နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်နှစ်တာကာလ သူလည်ရပတ်ရကောင်းမှန်း သိလာကာစအခါက သူ့အတွက် ကျက်စား စရာနေရာဟူ၍ မန်းလေးတောင်ခြေက တိရိစ္ဆာန်ဥယျာဉ်နှင့် မြစ်ကမ်းဘေးက မြို့တော်ဥယျာဉ်နှစ်ခုသာ လည်စရာ၊ ပတ်စရာဟူ၍ ရှိလေသည်။ အဲဒီတော့ သူ့ခမျာ ကစားကွင်းတစ်ခါရောက်ပါမည့်အရေး ကျွန်မတို့ ညီအစ်မသုံးယောက်၏ အရိပ်အကဲကို ကြည့်ကာ ချော့ရ၊ မော့ရ၊ ပူဆာရခြင်းဖြစ်၏။ ပူဆာတိုင်းလည်း သွားခွင့် ရသည်မဟုတ်။ အလုပ်ရှုပ်နေချိန်နှင့် ကြုံလျှင် အဆူခံရသေး၏။ နောက်ဆုံး ဖေဖေနှင့်မေမေနားသွား၍ မျက်နှာအိုလေးနှင့် မှိုင်ပြကာ အညှာကိုင်မှသာ “ဟုတ်သားပဲ။ ကလေးသနားပါတယ်။ ဘယ်မှ မသွားရ၊ မလာရနဲ့။ အားတဲ့တစ်ယောက်လိုက်ပို့ပေးလိုက်ကြစမ်းဟေ့” ဆိုမှသာ ပွဲကပြတ်တော့သည်။
ဒီတော့ ဒီနေ့လိုခေတ်ကြီးထဲမှာ သူလူဖြစ်စောလေခြင်းလို့ လူကြီးမင်းက ရင်နာတော့သည်ပေါ့။ ကျွန်မတို့ငယ်စဉ်အခါကဆိုလျှင် ကစားကွင်းသွားခွင့်ရဖို့ ဆိုသည်မှာ လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာ့ပြည်က အပ်တစင်း။ ကြုံရန်ခက်ခဲပါဘိခြင်း။ သူ့လို ကစားစရာမျိုးစုံ ထည်လဲဆော့ခွင့်ရဖို့ဝေးလို့။ အရုပ်အသစ်ဆိုတာ သုံးလေးလမှာ တစ်ခါပေါ်တတ်တာမျိုး။ သူက ကာတွန်းကားမျိုးစုံ၊ ဂိမ်းမျိုးစုံကို အချိန်ပြည့် တစ်ခွေပြီးတစ်ခွေ လဲလည်ကြည့်ပြီး အပျင်းဖြေနေချိန်မှာ ကျွန်မတို့ သူ့အရွယ်တုန်းက တစ်ပတ်တစ်ခါထွက်သော ရွှေသွေး စာစောင်ကို သင်္ဘောလာတိုင်းမျှော်ခဲ့ရတာ မှတ်မိနေသေးသည်။
ကျွန်မစာရေးစသင်စဉ်က ကျောက်သင်ပုန်းနှင့် ကျောက်တံကိုင်ခွင့်ရသည်ကိုပင် လူရာဝင်လှပြီဟု ထင်ခဲ့သည်။ အခု သူ့ကို စာစသင်တော့ ပထမဆုံးပြန်မေးသည့်မေးခွန်းက ကြောက်စရာကောင်းလှ၏။ “သား ဝလုံးကို ကွန်ပြူတာနဲ့ပဲ ရေးလို့ မရဘူးလား။ ဘာလို့ခဲတံနဲ့ရေးရတာလဲ။” ဟူ၏။ အာဂ မဟာပညာရှိပင်။ မူကြိုထားပြန်တော့လည်း သူ့ရဲ့ အေ၊ ဘီ၊ စီ၊ ဒီ အသံထွက်တွေ မှန်၊ မမှန်ကို ညီမလေးရဲ့ အီလက်ထရောနစ် ဒစ်ရှင်နရီနှင့် ပြန်စစ်ချင်သေးဆိုရဲ့။ ကြီးလာရင် ဖြစ်ချင်တဲ့ ရည်မှန်းချက်က ဂျက်စတင်ဘီဘာလို ဖြစ်ဖို့တဲ့။ ပြီးတော့ ပြောသေးတယ်။ “သူက နိုင်ငံခြားကမို့ ဆံပင်နီတာ။ သားက သူ့အတိုင်းတော့ မဖြစ်ချင်ပါဘူး။ ဆေးလည်း မဆိုးဘူး။ သားက ဗမာပဲ။” တဲ့။ မျိုးချစ်စိတ်ဓာတ် ကြီးလှလွန်းသူကြီးလို့ပဲ ချီးမွမ်းရတော့ မလိုလို။
မူကြိုပိတ်ရက်များတွင် မေမြို့မှ သူ့အဖွားဆီ သွားနေတတ်သေးသည်။ မန်းလေးမှာ နေရတာ ချွေးထွက်လို့ ဆိုပဲ။ ဟိုရောက်ပြီး ခဏဆော့၊ စားပြီးလျှင် သားကို မန်းလေးအိမ်ကို ဖုန်းခေါ်ပေးပါဦး - ဟုဆိုကာ သူချောချောမောမောရောက်ကြောင်း၊ ဟိုမှာ အဆင်ပြေကြောင်း၊ ဆော့နေကြောင်းတို့ကို ဖုန်းဆက်၍ အကြောင်းကြားတတ်၏။ ဘယ်သူမှ သင်ပေးနေစရာမလို။ တီဗွီ၊ ဒီဗွီဒီ ဖွင့်၊ ပိတ်၊ လိုင်းပြောင်း၊ ခွေလဲ ဘာမှ လုပ်ပေးစရာမလို။ လက်တော့ကို ဖွင့်ပြီး သူအနှစ်သက်ဆုံး ဇွန်းဘီစ့်တို့၊ အန်းဂရီးဘတ်တို့ ရှာဆော့ဖို့လည်း သင်စရာမလို။ သူ့ဘာသာ အကုန်တတ်၏။ ကျွန်မတို့သူ့အရွယ်က တီဗွီဆိုတာ စပေါ်ကာစ။ ဘုရားစင်နဲ့ မလှမ်းမကမ်းမှာ ထားကာ အရိုအသေပေး၍ ကြည့်ခဲ့ရသောကာလ။ ကွာခြားပါဘိခြင်း။
ဒီနေ့ခေတ်မှာ နည်းပညာဆိုင်ရာ ပစ္စည်းတွေက နေ့စဉ်နှင့်အမျှ တိုးတက်ပေါ်ထွက်နေသည်။ ဒီနေ့အတွက် နောက်ဆုံးပေါ်သည် မနက်ဖြန်တွင် တန်းမဝင်တော့။ အပြောင်းအလဲတွေက မြန်ဆန်လွန်းလှသည်။ ရုပ်ဝတ္ထုတွေ တိုးတက်လာချိန်မှာ ကျန်အရာတွေကရော တိုးတက်လာပါရဲ့လား။ အရှိန်အဟုန်ဖြင့် ပြောင်းလဲမှုကို ခံနိုင်ရည်ရှိဖို့ ဒီကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကို ဘယ်လို ပျိုးထောင်ပေးရမလဲ။ ကျွန်မတို့မေးရမယ့် မေးခွန်းတွေ၊ တွေးရမယ့် အတွေးတွေ။ ငါးနှစ်သားက လွန်ခဲ့တဲ့နှစ်နှစ်တာကာလကို တွေးပြီး နှမြောတသနေသော အဖြစ်မျိုး။ သေချာပါတယ်။ ဒီအဖြစ်မျိုးကို ကြုံနေရတာ ကျွန်မတို့ တစ်မိသားစုတည်း မဟုတ်ဘူးဆိုတာကို။ ။
0 comments:
Post a Comment