Friday, November 16, 2012

စာရွက်ကို ကျော်၍ -

ရေးသားသူ ယသော် at 2:34 PM 0 comments

စာရွက်ကို ငုံ့ကြည့်လိုက်တော့ နဖူးထက်က ချွေးတစ်ပေါက်က ဖြုတ်ကနဲ ပြုတ်ကျ၏။ သြော် နဖူးက ချွေး မြေကျအောင် အလုပ်လုပ်ရတယ်ဆိုတာ ဒါမျိုးကိုးလို့ တွေးလိုက်မိသည်။ သို့သော် ချွေးစက မြေသို့မကျ၊ စာရွက်ပေါ်သို့ တည့်တည့်ကျ၏။ ကဗျာကသီ အမြန်သုတ်ရသည်။ သာမည်ညောင်ည စာရွက်မဟုတ်။ အင်္ဂလန်ရှိ ကွင်းမာဂရက် တက္ကသိုလ်မှ ပါမောက္ခလက်မှတ်နှင့် ချီးမြှင့်ထားသော သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်ကြောင်း ထောက်ခံချက် စာရွက်။ ရက်သတ္တနှစ်ပတ်တိတိ မနက်ကိုးနာရီမှ ညနေငါးနာရီထိ မထစတမ်းထိုင်ကာ မျက်စိ၊ နား၊ ဦးနှောက် တို့ကို ဖျစ်ညှစ်၊ ခြစ်ကုတ်၊ အစွမ်းကုန်ထုတ်၍ ရယူခဲ့ရသော စာရွက်။ ပွန်းရာ၊ ပဲ့ရာ၊ ခြစ်ရာ၊ ရှရာသော်မျှ သိုးကာသီကာ ပြုမိ၍မဖြစ်။

Thursday, August 9, 2012

ရေးသားသူ ယသော် at 1:35 PM 0 comments

အဖြေမဲ့နေ့များ

သမီးလေးက ဘွဲ့လွန်တက်နေတာ။
လူတွေမေးတိုင်း မေမေပြော။
မမောနိုင်၊ မပန်းနိုင်။

မပြီးသေးဘူး ဆက်ပြောတယ်။
ဘာဘွဲ့ဆိုလား။
သိချင်ရင် သူ့အဖေကိုမေးတဲ့။

မဟာဘွဲ့တွေထဲမှာ
ပြည်သူ့ကျန်းမာရေး- ဆိုတာက
မစားကောင်းတဲ့အသီး။
ဆရာဝန်ကြီးရဲ့ဇနီး
ဆရာဝန်တွေရဲ့အမေ
မေမေ - မှန်အောင်မခေါ်တတ်တာ
သမီး ရင်မနာသေးဘူး။

ဆေးရုံကြီးပေါ်က သမီးသူငယ်ချင်း
ဆရာဝန်အရင်းကြီးတွေကလည်း
အဲဒါဘာလုပ်တဲ့ဟာလည်းတဲ့။
သမီး နည်းနည်းရင်နာသွား။
ဒါပေမယ့် -
အပြင်းစား မဟုတ်သေးဘူး။

မနေ့က
ငယ်သူငယ်ချင်းတစ်ယောက်နဲ့ online မှာတွေ့။
တွေ့၊ တွေ့ချင်းလှမ်းမေး
ဆေးမှူးတွေ သင်တဲ့ပညာ
နင်က ဘာလုပ်မှာလဲတဲ့။
တခါတည်းနဲ့ ဖျားသွား။
ဘာစကားနဲ့ ဖြေရမလဲ။
အားလုံးနဲ့ဆိုင်တဲ့ ပညာရပ်အကြောင်း။
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။

ထားလိုက်ပါတော့လေ -
မေမေမသိတဲ့၊ သူတို့တွေမသိတဲ့ပညာမှာ
သမီးတို့ ဆရာတွေရော၊
သမီးရဲ့ သူငယ်ချင်းတွေရော၊
ပြီးတော့ - သမီးကိုယ်တိုင်ရော။
ရူးသွပ်စွာ၊ ယုံကြည်စွာ၊ မက်မောစွာ
နစ်မြုတ်ကာ နေကြရဲ့။
အဖြေမဲ့တဲ့ နေ့များ။      

Tuesday, April 24, 2012

ငယ်သူငယ်ချင်း

ရေးသားသူ ယသော် at 2:27 PM 0 comments












ဘာရယ္မဟုတ္ဘူး။
ငယ်ငယ်တုန်းကလို အပြုံးမျိုး
ဖြူဖြူစင်စင် မပြုံးဖြစ်တာ
-------------------- ကြာပြီ။
အပြင်ဘက်က ထိုင်ခုံတွေ ကျယ်ကျယ်လာတိုင်း
ရင်ထဲက ထိုင်ခုံလေး ကျဉ်းကျဉ်းသွားတယ်။
အနှစ်သက်သက် စကားတွေပြောဖို့
------------------- ရေ
သက်ရှိထင်ရှားရှိနေသေးရင်
ငါ့ဆီ ဖုန်းခေါ်ပါ။          ။

Tuesday, April 17, 2012

ကာရန်များနှင့် ပျော်မွေ့ခြင်း

ရေးသားသူ ယသော် at 7:16 AM 0 comments
“ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်အား၊ သူဌေးသားလျှင်………” အစချီ၍ အသံကို အနိမ့်၊ အမြင့်ပြုကာ ပုံဝတ္တုလင်္ကာကို ဟန်ပါပါနှင့် အထစ်အငေါ့မရှိ ရွတ်ဖတ်နေသူ ကလေးငယ်တစ်ဦး။ ပြုပြင်ထားခြင်းမရှိသည့် ဆံနွယ် အခွေအခွေလေးများက နဖူးထက်တွင် ဖြာကျလျက်။ အရာရာကို စူးစမ်းလိုသော မျက်ဝန်းတောက်တောက်တစ်စုံ၊ ပါးဖောင်းဖောင်းလေးနှစ်ဖက်ပေါ်မှ သနပ်ခါးပါးကွက်ဝိုင်းလေးနှစ်ခု၊ နှုတ်ခမ်းချွန်ချွန်ကို ဖွင့်လိုက်၊ ပိတ်လိုက်နှင့် တတွတ်တွတ် ရေရွတ်လျက်။ ဖောင်းဖောင်းအိအိ လက်ချောင်းလေးများကို ဝှေ့ယမ်းလျက်။ ထီးကဲ့သို့ ပြန့်ကားနေသော ဂါဝန်အနားသားက ခြေသလုံးနားတွင် ဖားရရားကျလျက်။ “ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း။” မောသွားသလို အသက်ကိုခေတ္တရှိုက်၍ ရှုလိုက်ပြီးမှ “ဆားတုံ ဆရာတော်”ဟု ဆိုလိုက်သည်။ “ဘာတုန်း သမီးရဲ့ ဆားတုံဆရာတော်ဆိုတာ။” ခေါင်းလေးကို ဆတ်ကနဲလှည့်ရင်း “ရေးတဲ့သူလေ မေမေရဲ့။” ထိုစဉ်အခါက - သုံးနှစ်သမီးအရွယ်။

နှစ်သစ်ဆုတောင်း

ရေးသားသူ ယသော် at 7:12 AM 0 comments

အေးချမ်းမယ့် အတာရေ

မြန်မာတွေပက်ဖြန်း

နှစ်သစ်မှာ မင်္ဂလာလွှမ်းလို့

ဒီတခါ

ပြည်မြန်မာ အာရုဏ်ဦးမှာ

ကွယ် - ချမ်းမြေ့ရွှင်လန်း။

ဒီရပ်ကွက်ထဲက သူ

ရေးသားသူ ယသော် at 7:08 AM 0 comments
ဒီနေရာမှာတော့
စွန့်ပစ်ရတာ - တစ်ခုမှ မရှိဘူးတဲ့။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အာငါးအာ-ဆိုတာ သူ မသိပါဘူး။
ဒါပေမယ့် -
မြင်ရသမျှအားလုံး
ပြန်သုံးလို့ရတာချည်းပဲ။
ဒီနေရာမှာလည်း
အဆင့်အတန်းဆိုတာ ကွဲတယ်။
မြင့်ရင် တစ်ဈေး
နိမ့်ရင် တစ်ဈေး
သူ့အရည်အသွေးနဲ့သူ။
လူဖြစ်ကတည်းက
ဒီလုပ်ငန်းကို စခဲ့တာ။
မိရိုးဖလာ ဆိုပါတော့တဲ့။
သူက - သူ့အလုပ်သူ ဂုဏ်ယူတယ်။
သူများ အမှိုက်ပစ်လိုက်တိုင်း
သူ့ဆီမှာ ရွှေဖြစ်တာပါပဲတဲ့။
သူ့ဒဿနထဲမှာ။
ဆက်လုပ်နေဦးမှာပဲတဲ့။
အဲဒီရပ်ကွက်ထဲမှာ။ ။
(လေ့လာရေးခရီးတစ်နေရာ အမှတ်တရ)

Sunday, April 15, 2012

ရွာအ၀င်

ရေးသားသူ ယသော် at 12:04 PM 0 comments

ကျစ်တီးကုန်း၊ ထန်းတောအုပ်

ကန္တာရပင်တန်းနဲ့ ဖုန်တထောင်းထောင်းမြေ

အားလုံး ကလေးဘ၀က အတိုင်း။

တနယ်ပြင်မှာ ပဲကျဲပြီး

အင်းထဲမှာ ကြက်သွန်စိုက်တယ်။

အားလုံး ကလေးဘ၀က အတိုင်း။

အကြမ်းရည်၊ ထန်းလျက်ခဲ

ပလွေသံ ခပ်ချွဲချွဲနဲ့

လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေး

အားလုံး ကလေးဘ၀က အတိုင်း။

အညာစစ်စစ် နေ

အညာစစ်စစ် မြေ

အပြင်မှာ ပူနေပေမယ့်

ရင်မှာ ပူမနေဘူး။

အနှစ်နှစ်၊ အလလ ပျောက်ဆုံးခဲ့တဲ့

ရင်ထဲက တစ်စုံတစ်ရာ

အဲဒီမှာ - ပြန်ရှာတွေ့ခဲ့တယ်။

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea