အဖြေမဲ့နေ့များ
သမီးလေးက ဘွဲ့လွန်တက်နေတာ။
လူတွေမေးတိုင်း
မေမေပြော။
မမောနိုင်၊
မပန်းနိုင်။
မပြီးသေးဘူး ဆက်ပြောတယ်။
ဘာဘွဲ့ဆိုလား။
သိချင်ရင်
သူ့အဖေကိုမေးတဲ့။
မဟာဘွဲ့တွေထဲမှာ
ပြည်သူ့ကျန်းမာရေး-
ဆိုတာက
မစားကောင်းတဲ့အသီး။
ဆရာဝန်ကြီးရဲ့ဇနီး
ဆရာဝန်တွေရဲ့အမေ
မေမေ - မှန်အောင်မခေါ်တတ်တာ
သမီး ရင်မနာသေးဘူး။
ဆေးရုံကြီးပေါ်က သမီးသူငယ်ချင်း
ဆရာဝန်အရင်းကြီးတွေကလည်း
အဲဒါဘာလုပ်တဲ့ဟာလည်းတဲ့။
သမီး နည်းနည်းရင်နာသွား။
ဒါပေမယ့်
-
အပြင်းစား
မဟုတ်သေးဘူး။
မနေ့က
ငယ်သူငယ်ချင်းတစ်ယောက်နဲ့
online မှာတွေ့။
တွေ့၊ တွေ့ချင်းလှမ်းမေး
ဆေးမှူးတွေ
သင်တဲ့ပညာ
နင်က ဘာလုပ်မှာလဲတဲ့။
တခါတည်းနဲ့
ဖျားသွား။
ဘာစကားနဲ့
ဖြေရမလဲ။
အားလုံးနဲ့ဆိုင်တဲ့ ပညာရပ်အကြောင်း။
လူကို မကု၊
မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ
မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ
လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး
အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ
မဟုတ်ဘူး။
လေချွန်သံ
အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ
ရှိနေကြောင်း။
--------------------
ခေါင်းစဉ်ပေါင်းများစွာ။
ထားလိုက်ပါတော့လေ -
မေမေမသိတဲ့၊
သူတို့တွေမသိတဲ့ပညာမှာ
သမီးတို့
ဆရာတွေရော၊
သမီးရဲ့
သူငယ်ချင်းတွေရော၊
ပြီးတော့
- သမီးကိုယ်တိုင်ရော။
ရူးသွပ်စွာ၊
ယုံကြည်စွာ၊ မက်မောစွာ
နစ်မြုတ်ကာ
နေကြရဲ့။
အဖြေမဲ့တဲ့
နေ့များ။ ။
0 comments:
Post a Comment