Friday, November 16, 2012

စာရွက်ကို ကျော်၍ -

ရေးသားသူ ယသော် at 2:34 PM

စာရွက်ကို ငုံ့ကြည့်လိုက်တော့ နဖူးထက်က ချွေးတစ်ပေါက်က ဖြုတ်ကနဲ ပြုတ်ကျ၏။ သြော် နဖူးက ချွေး မြေကျအောင် အလုပ်လုပ်ရတယ်ဆိုတာ ဒါမျိုးကိုးလို့ တွေးလိုက်မိသည်။ သို့သော် ချွေးစက မြေသို့မကျ၊ စာရွက်ပေါ်သို့ တည့်တည့်ကျ၏။ ကဗျာကသီ အမြန်သုတ်ရသည်။ သာမည်ညောင်ည စာရွက်မဟုတ်။ အင်္ဂလန်ရှိ ကွင်းမာဂရက် တက္ကသိုလ်မှ ပါမောက္ခလက်မှတ်နှင့် ချီးမြှင့်ထားသော သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်ကြောင်း ထောက်ခံချက် စာရွက်။ ရက်သတ္တနှစ်ပတ်တိတိ မနက်ကိုးနာရီမှ ညနေငါးနာရီထိ မထစတမ်းထိုင်ကာ မျက်စိ၊ နား၊ ဦးနှောက် တို့ကို ဖျစ်ညှစ်၊ ခြစ်ကုတ်၊ အစွမ်းကုန်ထုတ်၍ ရယူခဲ့ရသော စာရွက်။ ပွန်းရာ၊ ပဲ့ရာ၊ ခြစ်ရာ၊ ရှရာသော်မျှ သိုးကာသီကာ ပြုမိ၍မဖြစ်။
သို့ဂလိုဆို၍ ကိုယ့်နိုင်ငံက ပေးသောစာရွက်များကို အရေးမထားပြီလားဟု မေးစရာရှိ၏။ ဖိုင်ထဲတွင် တိုး၍၊ တိုး၍လာသော စာရွက်မှန်သမျှသည် ကျွန်မ၏ အချိန်၊ ငွေ၊  စိတ်နှင့် လူခွန်အားတည်း ဟူသော အရင်းအမြစ်တို့ကို မည်သည့်အရာတို့၌ မည်မျှရင်းနှီးမြှုတ်နှံခဲ့ပြီးဖြစ်သည်ကို ညွှန်ပြနေသော ရာဇဝင်မှတ်ကျောက်များပင် ဖြစ်တော့သည်။ သို့ပေတည့် လူချင်းတူပေမယ့် အသက်ရှုချင်းကွဲဆိုသလို မြန်မာကလွဲ၍ အားလုံးကို အထင်ကြီးကြကုန်သည့် အချို့၊ အချို့သော ရွှေမြန်မာတို့ကြားတွင် ပွဲတက်လက်မှတ်အလို့ငှာ၊ ယူကေ၊ ယူအက်စ်က လက်မှတ်လေးမှ မပါလျှင် လူစင်စစ်ဖြစ်ပါလျက် မှတ်ပုံတင်မရှိ၍ လူစာရင်းမဝင်သကဲ့သို့ အမြင်တော်ရှိကြသည့် အချို့၊ အချို့သော အဖွဲ့အစည်းများ ကြားတွင် ပေမှီ၊ ဒေါက်မှီ တန်းဝင်နိုင်စေရန် အလို့ငှာ ဤစာရွက်သည် အဆောင်လက်ဖွဲ့အဖြစ် အသုံးတော်ခံရဦးမည် ဖြစ်၏။
ငယ်ငယ်က အိမ်နေရင်းအဝတ်အစားနှင့် ပွဲလမ်းသဘင်သွားမိလျှင် အဘွားဖြစ်သူက “ဟဲ့၊ လူမှာ အဝတ်၊ တောင်းမှာ အကွပ်တဲ့။ အလှူဆိုတာ လူထက် အဝတ်အစားကို ကြည့်ကြတာ။ ငါ့မြေးတွေ ဘယ်သူ၊ ဘယ်ဝါလို့ လူတကာက သိမယ်လို့များ ထင်နေသလား။” ဟု ဆိုတိုင်း “သြော် တို့အဘွားတော့ အခုထိ တရား မရသေးဘူး။ ပသာဒနဲ့ ပဓာနကို ခွဲပြီး နားမလည်တတ်သေးဘူး။” ဟု ပြန်မပြောရဲသော်လည်း စိတ်ထဲတွင် တွေးနေမိမြဲ။ ယခုအခါတွင် အတွေ့အကြုံအရ လူထက်လက်မှတ်က ပိုနေရာပေးခံရကြောင်း သိလာသောအခါ၊ ကျောင်းတက်စဉ်အချိန်က ဆရာတစ်ဦးပြောခဲ့သော “public Health အလုပ်ဆိုတာ လုပ်ပြမှ ရတာ။ မင်းတို့ အလုပ်လုပ်နေရုံနဲ့ မပြီးဘူး။ လူသိအောင်လည်း ပြတတ်ရတယ်။” ဆိုသောစကားကို အသက်အရွယ်အရ သဘောပေါက်စပြုလာသောအခါ - အဘွားပြောသွားတဲ့ တရားတွေကို ဝါးတားတားရိပ်မိစပြုလာခဲ့ပြီ။
မည်သို့ပင်ဆိုစေကာမူ ကျွဲကူးလို့ပဲ ရေပါပါ။ ရေလာလို့ပဲ ကျွဲကူးကူး။ နိုင်ငံခြားသားများကိုယ်တိုင် ကိုယ့်နိုင်ငံ၊ ကိုယ့်ကျောင်း၊ ကိုယ့်စာသင်ခန်းမှာ လာသင်သော သင်တန်းတစ်ခုကိုတော့ လိမ်လိမ်ပိန်ပိန်နှင့် ဖြစ်မြောက်အောင် တက်ဖူးသွားခဲ့ပြီ။ အွန်လိုင်းမှ သင်သောသင်တန်းနှင့် ဤသင်တန်း ဘာကွာသနည်း- ဟု မေးကြ၏။ ဘာမျှမကွာ။ ဤသင်ရိုး၊ ဤစာများကိုပင် သင်ကြားပို့ချခြင်း။ ထူးခြားချက်ဆို၍ လူကိုယ်တိုင် အရှင်လတ်လတ်ကြီး မျက်စိရှေ့မှာ ဘွတ်၊ ဘက်၊ ရွှတ်၊ ရှက်တွေ ပြောနေတာကို မြင်နေရတာ ထူးခြား၏။ ပြည်တွင်း၊ ပြည်ပက ဆရာတွေ စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်ကြီး စုပေါင်းပို့ချကြတာကို နားထောင်ရတာ ထူးခြား၏။ တခါတခါ ကျောင်းသားများရှေ့တွင်ပင် ငြင်းလိုက်၊ ခုံလိုက်၊ ရန်ဖြစ်လိုက်၊ တစ်ယောက်ကို တစ်ယောက် ထေ့လိုက်၊ ငေါ့လိုက်၊ ခနဲ့လိုက် လုပ်နေကြတာကို မြင်ရတာ ထူးခြား၏။ အဲ- ပြီးတော့ ကိုယ့်ရဲ့ ငပိသံပါပါနှင့် ပြောသော မီးကျိုး၊ မောင်းပျက် အင်္ဂလိပ်အသံထွက်တွေကို ဆရာတွေ နားလည်လည်၊ မလည်လည် အလုအယက်နှင့် သူ့ထက်ငါပြောရင်း ထင်ရာမြင်ရာ လျှောက်ဆွေးနွေးရတာ ထူးခြား၏။
နိုင်ငံခြားသားတွေသင်တဲ့ သင်တန်းကိုတက်ရတယ်ဆိုတော့ ဘယ်လိုအချက်တွေနဲ့များ ကြည့်ပြီး ရွေးလိုက် လို့လဲလို့ အကြောင်းမသိသူတွေက မေးကြမည်။ ဘာမဲနှိုက်နှိုက် မပေါက်တတ်သော ကျွန်မ၏ထုံးစံအတိုင်း အစဉ်အလာ မပျက် ဆက်လက်ထိန်းသိမ်းလိုက်ခြင်းသာ ဖြစ်၏။ ဇာတ်လမ်း၏ အစက ဤသို့။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်က ကျောင်းသားတွေကို ကျောင်းကအိမ်အပြန်မှာ ပညာအဆီအနှစ်တွေ တနင့်တပိုးပါသွားစေလိုသော ပါချုပ်ကြီး၏ စေတနာ ကြောင့် ကျောင်းတွင်းသင်ရိုးများအပြင် “ကျန်းမာရေးဆိုင်ရာ စီးပွားရေးပညာ” အခြေခံသင်ရိုးကိုပါ အွန်လိုင်းမှတဆင့် ထည့်သွင်းသင်ကြားရန် ဖြစ်လာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ထောက်ပံ့သောငွေက ကျောင်းသားအားလုံး သင်တန်းတက်နိုင်ရန် မလုံလောက်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဘွဲ့လွန်ကျောင်းသားမှန်ရင် ဘာပဲလုပ်လုပ် “ဓာတ်ပုံရိုက်ရမယ်။ မဲနှိုက်ရမယ်” ဆိုသော စကားအတိုင်း ကျောင်းသားအပေါင်းတို့ မဲနှိုက်ကြရ၏။ အားလုံးသိကြသည့် အတိုင်း ကျွန်မ မပါ။ ကိစ္စမရှိ။ နောက်တစ်သုတ် ကျန်သေးသည်။ ထပ်မဲနှိုက်ကြပြန်သည်။ ဗလာမဲ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ကျန်ရှိကျောင်းသားများကို အင်္ဂလန်မှ ဆရာများခေါ်ယူ၍ မိမိတို့ ကျောင်းတွင်ပင် လာရောက်ပို့ချစေရန် စီစဉ်ကမ်းလှမ်းလာခဲ့၍ ကံကွက်၍ ကွက်ကျန်နေသူတစ်စုတို့ ဤနေရာ၊ ဤစခန်းတွင် ဤသို့ဇာတ်လမ်းဖြစ်လာခဲ့ရခြင်းပင်။
ပြောမယ့်ပြောတော့ အစကပြောမှ ဇာတ်ရည်လည်တော့မည်။ ငယ်စဉ်တောင်ကျေးကလေးဘဝ ပူတူးတူးတုန်းက စိတ်ကူးယဉ်ခဲ့ဖူးသည့် တက္ကသိုလ်ကျောင်းသူမမဘဝ လှလှပပ၊ ကြွကြွရွရွကို မြင်ယောင်တွေးရင်း ဆေးကျောင်းရောက်၊ ကျောပိုးအိတ်တစ်လုံးနှင့် ခေါင်းစုတ်ဖွားနေ့များ၊ စာမေးပွဲရက်ရှည်ကာလများနှင့် ဂယောင်ခြောက်ခြားညများကို ကြုံခဲ့ရ။ နောက်ဘယ်တော့မှ ဒီဘဝမျိုးကို ထပ်မသွားတော့ဘူးလို့ အကြိမ်ကြိမ် ဆုံးဖြတ်ချက်ချရင်း လုပ်ငန်းခွင်ထဲရောက်။ အချိန်လေးနည်းနည်း ကြာလာတော့ စာအုပ်ပုံကြားထဲမှ ခေါင်းဆိုက်မအိပ်ရလျှင် မနေနိုင်သည့် ရောဂါဟောင်းလေးက ထလာပြန်လေတော့ ဘွဲ့လွန်ဝင်ဖြေ။ ဒီလိုနဲ့ ဒီကျောင်းကိုရောက်။
ဟိုကျောင်းထက် အဆပေါင်းများစွာ ပိုဆိုးသော ဒီကျောင်းမှာ ရှစ်လကျော်ကြာ စာအုပ်ပုံကြားမှာ လုံးထွေးမွန်းကြပ်။ မျက်စိထဲမှာ စာတွေကလွဲလို့ ဘာမှမမြင်နိုင်သော ကာလတွေကြား ရည်းစားက ငြိုငြင်လို့ ပြတ်သူတွေပြတ်၊ အိမ်ကမိသားစုကို အချိန်မပေးနိုင်လို့ ရန်သတ်သူတွေသတ်၊ ဒီလိုအချိန်တွေကို ကျော်ဖြတ်ကြရင်း မူရင်းနေရာ၊ ဒေသ၊ လားရာ ဘာဆိုဘာမှ မတူညီကြသော ဒီလေးဆယ့်ခြောက်ယောက်ဟာ တစ်သွေးတည်း၊ တသားတည်း ရဲဘော်ရဲဘက်တွေ ဖြစ်ကြလို့။ လက်သည်းဆိတ်ရင် လက်ထိပ်နာကြလို့။ ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက်ကို သံပြိုင်ညည်းရင်း အားပေးနှစ်သိမ့်ကြလို့။ မိုးပြာရောင်စပို့ရှပ်ကို ဆင်တူဝတ်ရင်း မိုးတက်မကတဲ့ အိပ်မက်တွေကို ဆင်တူမက်ကြလို့။ ကျောင်းကို အိမ်၊ ပါချုပ်ကြီးနဲ့တကွ ဆရာ၊ ဆရာမတွေကို မိဘလို့ သတ်မှတ်ရင်း အားလုံးက ကလေးတွေပြန်ဖြစ်ကြလို့။ တစ်ခါတစ်ခါ ရန်ဖြစ်ကြလို့။ တစ်ခါတစ်ခါလည်း ပြန်ချစ်ကြလို့။ ဒီလိုနဲ့ပဲ --------။
အခုသင်တန်းကို တက်ရမယ့်အချိန်က သီးစစ်ကာလ။ ကောက်ယူလာတဲ့ ဒေတာတစ်ထုပ်ကို ရင်ဝယ်ပိုက်ရင်း သူများယောင်လို့ ယောင်၊ အမောင် တောင်မှန်း၊ မြောက်မှန်း မသိတဲ့အချိန်။ တွေ့သမျှဆရာတွေကို ဗလချာအူပေါက်၊ အာရုံနောက်အောင် လိုက်မေးရင်း အရပ်ကူပါ၊ လူဝိုင်းပါဖြစ်နေတဲ့အချိန်။ စာအုပ်အပ်ရမယ့် နောက်ဆုံးရက်ကို လက်ချိုးရေတွက်ရင်း နေ့မြင့်လေ၊ အရူးရင့်လေ ဖြစ်နေတဲ့အချိန်။ အဲဒီမှာ - ဘာဘရာနဲ့ စတွေ့တာပဲ။ ဘာဘရာဆိုတာကို သင်တန်းရဲ့ ပထမပတ်မှာ လာသင်ပေးတဲ့ အင်္ဂလိပ်မကြီး။ ရှပ်အကျီ င်္နဲ့ ဘောင်းဘီရှည်ကို အမြဲဝတ်ပြီး သူ့ဆံပင်လေး နှစ်မျှင်၊ သုံးမျှင် လက်တစ်သစ်လောက်ကို ဘဲကလစ်သေးသေးလေးနဲ့ အမြဲညှပ်တင်ထားတတ်တယ်။ အရပ်ကြီးက ပုံမှန်မြန်မာတွေထက် ခေါင်းတစ်လုံးလောက်မြင့်တဲ့အပြင် လူကောင်ကြီးကလည်း ထွားလေတော့ ဆရာကြီးဂုဏ်အင်္ဂါ နဲ့တော့ ညီပါတယ်။ တော်တော်ကိုကြီးတဲ့ ဆရာပါ။
ဘာဘရာက စာသင်တာ သီအိုရီဘက်ကို အားသန်တယ်။ ဒီဘာသာရပ်လုပ်သက်ကိုက ၂၅နှစ်ကျော်။ သူ့ရဲ့စာတွေကို လေ့ကျင့်ခန်းတွေ၊ ပုံတွေ၊ ဥပမာတွေနဲ့ ချိတ်ဆက်ရင်း မပျင်းရအောင် သင်နိုင်တယ်။ အစပိုင်းတော့ သူက ဖြည်းဖြည်းချင်း ပြောပါမယ်။ နားမလည်ရင်၊ သူစကားပြောမြန်လာရင် သတိပေးပါလို့ ပြောပါတယ်။ နောက်တော့ အရှိန်ရလာပြီး နောက်ပိုင်းမှာ ကရားရေလွှတ် တစ်တွတ်တွတ် ပြောတော့တာပဲ။ ကျွန်မတို့ကလည်း နားလည်လွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာသာရပ်ဆိုင်ရာစကားလုံးတွေကိုပဲ အဓိကသုံးပြီး သင်တာဆိုတော့ သူပြောတာတွေက ကျွန်မတို့အားလုံးအတွက် အခက်အခဲ မရှိဘူးပေါ့။ တစ်ခါတစ်ခါ စာသင်ရင်းနဲ့ မေးခွန်းလှမ်းမေးလိုက်ရင်သာ ရုတ်တရက် ဘာမေးမှန်းမသိလိုက်တာမျိုးပဲ ရှိတာပါ။ သူက အပြန်အလှန် ဆွေးနွေးရင်းသင်တာဆိုတော့ အချိန်ကုန်လို့ ကုန်မှန်း မသိသာဘူးပေါ့။
ငိုက်လည်း မငိုက်ရဲဘူးလေ။ ကိုယ့်ဆရာတွေ သင်လို့ ငိုက်တာက စာလှမ်းမေးရင် ဝါးချလို့ရတယ်။ အခုက အင်္ဂလိပ်လိုသင်တာဆိုတော့ ငိုက်ဖို့ မပြောနဲ့ ခဏလောက် စိတ်ကလွတ်သွားရင်ကိုပဲ ဘာမေးလိုက်မှန်း မသိတော့ဘူး။ ပိုဆိုးတာက ဘာဘရာက အချိန်တန်ရင် ပြန်သွားမယ့်လူ။ ကိုယ်ဖြေချင်ရာ လျှောက်ဖြေလည်း အကြောင်းမဟုတ်ဘူး။ တကယ့်အကြောင်းက သင်တန်းခန်းရဲ့ နောက်မှာ ထိုင်နေတဲ့ကိုယ့်ဆရာတွေ။ ကိုယ်မဟုတ်တာ လုပ်သမျှကို သူတို့က မြင်နေ၊ ကြားနေရတာလေ။ မျက်နှာပူစရာကြီး။ ပြီးတော့ ကျွန်မတို့နဲ့အတူ တစ်ချိန်လုံးရှိနေပေးတဲ့ သင်တန်းရဲ့ co-ordinator မကျော့ မျက်နှာပျက်ရမယ့် အလုပ်မျိုးကို ကျွန်မတို့လုပ်လို့ မဖြစ်ဘူးလေ။ ဘာဘရာကလည်း တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ဒါကို မင်းဘယ်လို ထင်လဲ။ ဘယ်လို နားလည်လဲ။ ဒီကိစ္စမှာ မင်းအမြင်က ဘယ်လိုရှိလဲ။ ဆိုပြီး တစ်ချိန်လုံး မေးနေတာ။ တစ်ချိန်သင်တိုင်းမှာလည်း စဉ်းစားစရာ လေ့ကျင့်ခန်းတွေက အမြဲပါတယ်။
သင်တန်းပထမပတ်မှာပဲ ဆရာကြီးဦးအောင်ထွန်းသက်လည်း လာသင်ပေးတယ်။ အရင်က ကျောင်းမှာ တစ်ခါမှ လာမသင်ပေးဖူးဘူး။ ဆရာကြီးကို စာအုပ်တွေဖတ်ရင်းနဲ့ပဲ ရင်းနှီးခဲ့ရတာဆိုတော့ အခုလို လာသင်တဲ့ အချိန်မှာ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက် အပြင်ကို ထွက်လာသလို ခံစားရတယ်။ ဆရာကြီးဦးဖုန်းမြင့်ကတော့ အရင်ကလည်း လာသင်နေကြ။ စာမေးပွဲတွေလည်း လာစစ်ပေးနေကြ။ အခုလည်း နှစ်ပတ်လုံး လာပြီးသင်ပေးတယ်။ နှစ်ယောက်လုံးက ကျန်းမာရေးစီမံကိန်းက ညွှန်ချုပ်ဟောင်းတွေဆိုတော့ Health Economics အပြင် Health Politics ကို ချပြတယ်။ ပြည်သူ့ကျန်းမာရေး ဟင်းလေးအိုးကြီးတွေပီပီ သမိုင်းကိုပါ သုံးသပ်ပြတယ်။ အနာဂတ်ကိုပါ ထင်ဟတ်ပြတယ်။
သင်တန်းဒုတိယပတ်ကတော့ ဒေးဗစ်ရဲ့ အလှည့်။ သူက စကော့ခ်ျ၊ လူတိကျကြီး။ တိကျတယ်ဆိုတာထက်ကို အချိန်ကို အမျိုးမျိုးလှည့်ပတ်ခိုးယူပြီးတော့ကို သင်တာ။ သူက လက်တွေ့သမား။ စမိတ်ဆက်ကတည်းကိုက ဥရောပ၊ အာရှ၊ အာဖရိက နိုင်ငံပေါင်းများစွာမှာ ဒီဘာသာရပ်ဆိုင်ရာတွေကို လက်တွေ့လုပ်ခဲ့တာ ဘယ်နေရာမှာဖြင့် ဘယ်နှစ်နှစ်ဆိုပြီးပြောတော့ ကျွန်မက အီကြာကွေးရဲ့ မွေးနေ့ဆုတောင်းဟာသကို သတိရမိတယ်။ အရင်တုန်းက သတင်းစာထဲမှာ သာရေး၊နာရေးဆိုရင် သတင်းထက် လူနာမည် တွေနောက်က ခေတ္တ- ဘယ်နိုင်ငံဆိုတာတွေကို တတန်းကြီး ထည့်ရမှ ဂုဏ်ရှိတယ်ထင်ခဲ့တာဆိုတော့ အီကြာကွေးမိတ်ဆွေ အင်္ဂလိပ်ကြီးက ဒီနိုင်ငံမှာ ဒါမျိုးထည့်ရတယ်ထင်ပြီး အီကြာကွေးအတွက် မွေးနေ့ဆုတောင်းထည့်တော့ သူ့နာမည် နောက်မှာ အကြာကြီး အင်္ဂလန်၊ ခေတ္တ- ပြင်သစ်၊ ဂျာမဏီ၊ ခဏလေး-စင်ကာပူ၊ နေ့ချင်းပြန်-ထိုင်း၊ တရုတ် ဆိုပြီးထည့်တယ်တဲ့။ ဒါကိုတော့ ဒေးဗစ်ကို ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲနော်။ တော်ကြာ သူသွားခဲ့တဲ့ နိုင်ငံတွေအကုန်လုံးနဲ့ မွေးနေ့ဆုတောင်းထည့်နေဦးမယ်။
ဒေးဗစ်က မြန်မာလို ပြောရတာကိုကြိုက်တယ်။ သူတတ်ထားတဲ့ မင်္ဂလာပါတို့၊ နေကောင်းလား တို့ကို တခြားလူတွေရှေ့မှာ ထည့်ထည့်သုံးရတာကိုလည်း အတော်ဂုဏ်ယူတာ။ အဲဒီ ဒုတိယအပတ်မှာပဲ WHOက အလတ်ကာဆင်းနဲ့ ရှတီ (သူတို့နာမည်များကို မြန်မာသံနှောလိုက်ခြင်းဖြစ်သည်။)တို့ လာသင်တော့ အတန်းထဲမှာ ဒေးဗစ်က သူ့ကိုယ်သူ အိမ်ရှင်ကြီးလုပ်ပြီး ဧည့်ခံနေတော့တာပဲ။ သူက US မကောင်းကြောင်း ပြောရတာ ကိုလည်း သိပ်ခံတွင်းတွေ့တာ။ US ကို ကမ္ဘာ့စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲမှာ Universal Health Coverage မရှိတဲ့ တစ်ခုတည်းသောနိုင်ငံလို့များ ပြစ်ပြစ်နှစ်နှစ်ပြောလိုက်ရရင် ကျေနပ်နေတော့တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွေ့အကြုံ တွေရဲ့ အဆိုး၊ အကောင်းတွေကို ဥပမာပေးရင်း သင်သင်သွားတော့ ဒုတိယပတ်ကလည်း အချိန်ကုန်မှန်း မသိသာတော့ဘူးပေါ့။ ကြာလာတော့လည်း ကျွန်မတို့မှာ ဘာဘရာတို့၊ ဒေးဗစ်တို့ကိုပဲ ကိုယ့်အမျိုးကြီးတွေကျလို့။ သံယောဇဉ်ဖြစ်လာတော့တာ။
သင်တန်းမှာက ကျွန်မတို့ ပြည်သူ့ကျန်းမာရေးဘွဲ့လွန်ကျောင်းသားတွေတင် မကဘူး။ တခြား ဆေးတက္ကသိုလ် တွေက ဆရာ၊ ဆရာမတွေလည်း ပါတယ်။ အားလုံးပေါင်းရင် သုံးဆယ့်ခြောက်ယောက်ပေါ့။ သင်တန်းချိန်မှာတော့ သူတို့လည်း ကျောင်းသားတွေနဲ့ အပြိုင် ညည်းလိုက်၊ ငြူလိုက်၊ ငြင်းလိုက်၊ ခုန်လိုက်နဲ့ပါပဲ။ ဆရာဆိုတာလည်း တခါတုန်းက ကျောင်းသားပဲ မဟုတ်လား။ ကျွန်မတို့အားလုံးအတွက် စိတ်ဖိစီးမှု နောက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အခုသင်တန်းက တက္ကသိုလ်တွေမှာ နိုင်ငံခြားက ဆရာတွေခေါ်ပြီး ရက်ရှည်စာသင်တာ ကျွန်မတို့ အဖွဲ့က ပထမဆုံးဖြစ်နေလို့ပါပဲ။ အဲဒီတော့ ကျွန်မတို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို အားလုံးဟာ နောက်ထပ်အလားတူသင်တန်းတွေ ဆက်ဖွင့်၊ မဖွင့် ဆိုတာအတွက် မှတ်ကျောက်တွေ ဖြစ်နေတော့တာပေါ့။ သင်တန်းဆရာတွေအတွက်လည်း မြန်မာနိုင်ငံကို လာတာ သူတို့အတွက် ဒါပထမဆုံးအကြိမ်ပါပဲ။ အဲဒီတော့ သူတို့နဲ့အတူ ကျွန်မတို့ရဲ့ image၊ ကျွန်မတို့ ကျောင်းရဲ့ image၊ ကျွန်မတို့ နိုင်ငံရဲ့ imageက ပါသွားမှာပါ။ သေချာပါတယ်။ ကျွန်မတို့အားလုံး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်ဆိုတာ။
ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ သင်တန်း ကာလလည်း ပြီးသွားခဲ့ပါပြီ။ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့် အဖြစ် စာရွက်တစ်ရွက်လည်း လက်ထဲရောက်လာခဲ့ပါပြီ။ စာရွက်နဲ့အတူ လာသင်တဲ့ဆရာ၊ ဆရာမတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ စေတနာ၊ မေတ္တာတွေ ကျွန်မတို့ဆီ စိမ့်ဝင်လာတယ်လို့ ခံစားရပါတယ်။ အဲဒီလိုပါပဲ။ ကျွန်မတို့ သင်တန်းသားတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှု၊ လေးစားတန်ဖိုးထားမှုတွေကိုလည်း ဆရာတွေ ခံစားနားလည် နိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်မိပါတယ်။ ပြိုင်ဘက်ရှိမှ တိုးတက်တယ် ဆိုသလို တကယ်ယှဉ်ကြည့်မှ ပိုပိုပြီး သိလာရတာက ဘာဘရာတို့၊ ဒေးဗစ်တို့ရဲ့ သင်ပုံ၊သင်နည်း တွေးပုံ၊တွေးနည်း၊ ပညာရပ်ပိုင်း စတာတွေက ကျွန်မတို့ကျောင်းက ကျွန်မတို့ ဆရာတွေနဲ့ ဘာမှထူးပြီး ကွာခြားမှုမရှိပါဘူး။ သင်တဲ့ဘာသာရပ်တွေ မတူတာရယ်၊ မြန်မာလို ပြောတာနဲ့ အင်္ဂလိပ်လိုပြောတာကွာတာရယ်ပဲ ရှိပါတယ်။
ဒါကြောင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ ရင်သွေးတွေပီပီ ဒီထက်ပိုပြီး အိပ်မက်ကြီးကြီး မက်ရမယ်ဆိုရင် တစ်နေ့နေ့၊ တစ်ချိန်ချိန် ကျွန်မတို့ ဒီကျောင်းကြီးကို ပြန်လာတဲ့အခါမှာ၊ ကျောင်းကြီးထဲကို အလွမ်းပြေ လျှောက်ကြည့်တဲ့အခါမှာ ကျွန်မတို့ရဲ့ ဆရာတွေက စင်မြင့်ပေါ်ကနေ သင်ခန်းစာတွေ ပို့ချလို့။ စင်မြင့်အောက်မှာက နိုင်ငံအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေက သင်ခန်းစာတွေ နာယူရင်း အပြန်အလှန် ဆွေးနွေးကြလို့။ ဌာနအသီးသီးမှာလည်း သူ့သုတေသနအခန်းတွေနဲ့သူ ပျားပန်းခတ်ရှုပ်လို့။ စာကြည့်တိုက် ထဲမှာလည်း မှီငြမ်းကိုးကားစရာ တွေကို လေ့လာရှာဖွေကြရင်း တီးတိုးတိုင်ပင်ကြလို့။ ဘယ်သူသိနိုင်မလဲနော်။ အဲဒီအချိန်မှာ အသားဖြူဖြူ၊ မျက်လုံးပြာပြာ၊ ဆံပင်နီနီနဲ့ ကျောင်းသူလေးတစ်ယောက် လေ့လာနေတဲ့စာတမ်းက ကျွန်မရဲ့စာတမ်းဖြစ်ချင် ဖြစ်နေနိုင်တယ်ဆိုတာကိုလေ။
ဘုရားရေ - ကျွန်မရဲ့စာတမ်းဆိုမှ ပြန်သတိရတယ်။ စာရွက်လေးတစ်ရွက်ကို ကြည့်ရင်း မီးခိုးမဆုံး၊ မိုးမဆုံး တွေးလိုက်တာ။ နှစ်ပတ်တိတိ ပစ်ထားခဲ့တဲ့ ကျွန်မရဲ့ သီးစစ်ကို ဘယ်လို အစပြန်ကောက်ရမှာပါလိမ့်။ analysis ကလည်း အချောမသတ်ရသေးဘူး။ Literature တွေကလည်း ထပ်ရှာရဦးမယ်။ Quali တွေကလည်း တစ်ဝက်တစ်ပျက်။ နေပြည်တော်က supervisor ကလည်း လှမ်းခေါ်လှပြီ။ ခေါင်းကို ခါလိုက်တော့ မျက်စိက အဝတ်စင်ကို လှမ်းမြင်တယ်။ တစ်ပတ်စာလျှော်ရမယ့် အဝတ်တွေက လက်ယပ်ခေါ်လို့။ နှာခေါင်းထဲမှာ အနံ့တစ်ခုခု ရလာသလိုလို။ မဟုတ်ဘူး။ တကယ်ရတာ။ ဒီအနံ့က --------။ သွားပြီ။ ညစာအတွက် တစ်ခွက်တည်းသော ပဲဟင်းအိုး။ တူးရှာပြီ။ အား))))))))။ ဘဝက မချိုမြိန်တော့ဘူး မေမေ။           

11:26 PM, 15.11.12


0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea