Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Thursday, March 29, 2012
အညတရလူ
ဟုတ်ရဲ့လား မာရီယာ။
အဲဒီ သူရဲကောင်းလေး အပြင်ကို ခုန်ထွက်လာမယ့် တစ်နေ့
ငါလည်း တွေ့ချင်လှသပေါ့။
ကိုယ့်သမိုင်းကိုယ် ရေးကြလေတော့
အနိမ့်ဆုံးအဆင့်
ငါ့သမိုင်းကြောင်းထဲမှာ
ငါ သူရဲကောင်း ဖြစ်ချင်ပါတယ်။
ဘယ်သူ့အရိပ်မှ မခိုဘဲ
ကိုယ့်ကိုယ်ကို ပြန်ကြည်ညိုနိုင်မယ့်
ဖြောင့်မတ်တဲ့ သူရဲကောင်းမျိုး။
အဲဒီထက် ပိုပြီး ရပိုင်ခွင့် ရှိခဲ့ရင်
တစ်စုံတစ်ယောက်နဲ့ ကမ္ဘာမြေကြားမှာ
မျှော်လင့်ချက်တွေ ပေါင်းကူးယှက်နွယ်ဖို့ရာ
သူ့ရဲ့ တစ်စုံတစ်ရာအဖြစ်။
ဒါမှ မဟုတ်ရင်တော့
သုံညသာ ဖြစ်ခွင့်ပေးပါ။
ကလေးတွေရဲ့ အနာဂတ်အတွက်
သူတို့တွေနောက်မှာ မတ်မတ်ရပ်
တန်ဖိုးတွေ အထပ်ထပ်တိုးအောင်
ငါ့ဘဝကို ထိုးကျွေးခဲ့ချင်လို့။ ။
ရှက်
အိပ်မက်ထဲမှာ
မာတင်လူသာကင်း ဂျူနီယာ
မာသာ ထရီဇာ
ဒေါက်တာ ဗက်သွန်း
ငါ့ဘေးမှာ ဝိုင်းလို့၊ ဝန်းလို့။
စကားတစ်ခွန်းမှ မပြောဘူး။
သူတို့ အကြည့်ထဲမှာ -
သူတို့ လှုပ်ရှားမှုထဲမှာ -
သူတို့ အသက်ရှုသံထဲမှာ -
ကမ္ဘာမြေအပေါ်မှာ ထားတဲ့
မေတ္တာတွေ၊ ဂရုဏာတွေ -
လောက ဓမ္မတရားတွေ -
အဆုံးမဲ့ စွန့်လွှတ်ခြင်းတွေ - မြင်တယ်။
အဲဒီ အမြင်တွေဟာ
ခေတ်အဆက်ဆက်နဲ့တိုင်
ငါတို့ နှလုံးသွေးတွေထဲ စီးဆင်းခဲ့။
ငါတို့ ဝိညာဉ်ထဲမှာ ပူးကပ်ဝင်ခဲ့။
ငါ -
အိပ်မက်က ကသုတ်ကရက် နိုးခဲ့ရတယ်။
မင်း ဘယ်သူလဲ။
ဘာလုပ်နေလဲ - လို့
သူတို့တွေက မမေးမီ။ ။
အိမ်အပြန်
ကိုယ့်ကိုကိုယ် သတိထားမိလိုက်ချိန်မှာ မလိခပေါ်ကို ရောက်နေပြီ။ မလိခဆိုတာ အိမ်ကိုပြန်ရင် စီးရတဲ့ မော်တော်လေးရဲ့ နာမည်။ နံဘေးမှာ ကြည့်လိုက်မိတော့ အဖော်မပါဘူး။ ကျောင်းပိတ်လို့ပဲ ပြန်တာလား။ ကိစ္စရှိလို့ပဲ ပြန်တာလား။ ကိုယ်ကိုယ်တိုင်လည်း မကွဲပြားခဲ့။ ရှိပါစေလေ။ အိမ်ပြန်ရဖို့က အဓိကပဲ မဟုတ်လား။ လှိုင်းတွေနဲ့အတိုးမှာ မော်တော်က ငြိမ့်ငြိမ့်လေး လှုပ်သွားတယ်။ ဝိုးတဝါးအာရုံထဲမှာ ထူးအိမ်သင်ရဲ့ အမေ့အိမ်ကို ကြားလိုက်မိသလိုပဲ။ ရင်ထဲမှာ အကျယ်ကြီး အော်ခေါ်ပစ်လိုက်တယ်။ လွမ်းလိုက်တာ မေမေရယ်။
သဘောင်္ဆိပ်ကို ဝင်တဲ့အခါ ဘယ်တစ်ယောက်မှလည်း လာမကြိုပါဘူး။ အသာလေးပဲ ဆင်းလိုက်တယ်။ မြို့လေးက အရင်လိုပဲ နွေးထွေးလို့။ ဝေးနေတာကြာပေမယ့် တစိမ်းမဆန်သေးတာ သေချာတယ်။ ‘ဆိုက်ကား ခေါ်ဦးမလား’ တဲ့။ လက်ခါပြပြီး ဆက်လျှောက်ခဲ့တယ်။ မြို့ဟောင်းလေး၊ အိမ်အပြန်လမ်း၊ ကောင်မလေးတစ်ယောက်နဲ့ ကျောပိုးအိတ်တစ်လုံး။ တောင်လေးတွေ တစ်ခုပြီး တစ်ခုကွေ့၊ ချောင်းလေးတွေ တစ်ခုပြီးတစ်ခုကျော်၊ တက်လိုက်၊ ဆင်းလိုက်၊ လျှောက်လိုက်၊ နားလိုက်။
လမ်းဘေးက အသုပ်သည်ကိုမြင်မှ ဂဏန်းလက်မသုပ်ကို ပိုဆာလာတယ်။ ဟိုးရှေ့ကတဲထဲမှာ ခုံပုပုလေးတွေနဲ့ မြေဝိုင်းလက်ဖက်ရည်ဆိုင်လေ။ ကျွဲနို့စစ်စစ်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို ပိုက်ဆံမပေးဘဲ ကောက်မော့ခဲ့တယ်။ ဆိုင်ရှင်ကလည်း ဘာမှ မပြောပါဘူး။ ဈေးနားမှာတော့ လူသွားလူလာတွေနဲ့ ရှုပ်ရှက်ခတ်လို့။ အသိတွေနဲ့ မဆုံချင်သေးဘူး။ ကြားဖူးနေကြ လောကဝတ်စကားတွေကို အချိန်ကုန်အောင် ပြောနေရဦးမယ်။ အိမ်ကိုပဲ မြန်မြန်ရောက်ချင်တယ်လေ။ ဒီလိုနဲ့ပဲ တိုးဝှေ့ပြီး ဆက်ထွက်လာခဲ့။
ဒီရေတက်ချိန်မို့ ချောင်းရေလျှံတာကလွဲရင် အားလုံးပုံမှန်ပါပဲ။ ရာသီဥတုကလည်း မှိုင်းမှိုင်းပြပြ။ တကယ်ဆို ပြက္ခဒိန်ထဲမှာကိုက ဒီနေ့က ပြသဒါးမဟုတ်၊ ရက်ရာဇာ မဟုတ်တဲ့နေ့။ ရှေ့နားအကွေ့မှာ ဇာတ်စင်တစ်ခု မြင်တယ်။ သျှိုင်ဒိုင်အကတွေ ကကြတုန်းပဲလား။ အထက်တန်းကျောင်းကိုတောင် လှမ်းမြင်ရပေါ့။ လှုပ်ရှားနေတဲ့ အရောင်နှစ်ခုနဲ့အတူ ကျောင်းကြီးလည်း အသက်ဝင်လို့။
ဒီအချိန် ညီမလေးရော ကျောင်းရောက်နေပြီလား။ သူကြိုက်တဲ့ ချောကလက်တွေသာမြင်ရင် ပျော်နေရှာလိမ့်မယ်။ စိတ်ထဲကပဲ လှမ်းနှုတ်ဆက်ခဲ့တယ်။ ကျောင်းမြန်မြန်ဆင်းပါစေလေ။ နန်းရာကုန်းနဲ့ နီးလာလို့ထင်ရဲ့။ လေထဲမှာ စကားပန်းရနံ့တွေ ပျပျလေး ပါလာတယ်။ တံတိုင်းတွေ အထပ်ထပ်ကြားက မင်းဗာ ဧကရာဇ်ရဲ့ စံရာ။ အခုတော့ အုတ်ပုံသာသာပေါ့။ ဒါပေမယ့် ရာဇမာန်၊ ရာဇဟန်တွေ အခုထိ စွန်းကျန်နေဆဲ။ အဲဒီ နန်းရာကုန်းမှာပေါ့။ ညနေစောင်းဆို စွန်လွှတ်ပြီး ကစားနေကျ။ စွန်ကလေးတောင် ရှိမှ ရှိသေးရဲ့လား။
တစ်လှမ်းပြီးတစ်လှမ်း လှမ်းနေပေမယ့် စိတ်တွေကတော့ ပြေးနှင့်တယ်။ ဒီအချိန်ဆို အိမ်ရှေ့က သဇင်တိုင်မှာ အပွင့်တွေ မြိုင်လှရော့မယ်။ ဒါန်းကလေးရော အရင်နေရာမှာ ရှိတုန်းလား။ ပုစွန်တုပ်ကြော် စားချင်တယ်။ ကြည်ကြည်လည်း မီးဖိုထဲမှာ ချက်တုန်းထင်ရဲ့။ မေမေကတော့ အဝေးရောက်ရင်သွေးတွေ အတွက် ဘုရားစင်ရှေ့မှာ မေတ္တာတွေ အခါခါ ပို့နေလိမ့်မယ်။ သျှစ်သောင်း၊ ကိုးသောင်းနဲ့ ဘုရားပေါင်း အဆူဆူကို တိုင်တည်လို့ သားသမီးတွေအတွက် ဆုတောင်းနေလိမ့်မယ်။ လိပ်စာမတပ်၊ တံဆိပ်ခေါင်း မကပ်ပေမယ့် ပို့လိုက်သမျှမေတ္တာ ရည်စူးရာဆီ ရောက်ခဲ့ပါရဲ့။
ဖေဖေရော လူနာတွေနဲ့ အလုပ်ရှုပ်နေပြီလား။ မအားတဲ့ကြားကပဲ သားသမီးတွေကို သတိရဆဲ။ မျက်ရည်အဖြစ် ပြိုကွဲခွင့်မရှိလို့ ပုံဆောင်ခဲတွေ ဖြစ်နေရတဲ့ ဖခင်တစ်ဦးရဲ့ ဝေဒနာ၊ ကိုယ်ချင်းစာကြည့်တော့ မချိလိုက်တာ ဖေဖေရယ်။ သမီးငယ် ပြန်လာတယ်ဆိုတာ ကြားရင် ဘယ်လိုများ နေကြမှာလဲ။ အိမ်ထဲကို ပြူးတူးပြဲတဲ ပြေးဝင်သွားရမလား။ တိတ်တိတ်လေး ဝင်ပြီးပဲ အံ့သြအောင် လုပ်ရမလား။ ရာသီခွင်တစ်ခုစာ စုဆောင်းထားတဲ့ စကားတွေကတော့ ရင်ထဲမှာ တနင့်တပိုး။
တစ်လှမ်း၊ တစ်လှမ်းနဲ့ အိမ်ရှေ့ကလမ်းကို ရောက်ပြီ။ ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်တော့ ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားတယ်။ နွေးထွေးလိုက်တာ။ လုံခြုံလိုက်တာလေ။ အမည်တပ်လို့မရတဲ့ ခံစားမှုတစ်ခုက တစ်ကိုယ်လုံးမှာ ယှက်ဖြာ။ မျက်ဝန်းထဲမှာလည်း ကြည်နူးမှုမိုးတွေ ရွာလို့။ ပြန်လာခဲ့ပြီ အိမ်ကလေးရေ။ တံခါးရှေ့မှာ ခြေစုံရပ်ရင်း ငယ်ငယ်တုန်းကလို အပြုံးမျိုး အားရပါးရ ပြုံးလိုက်တယ်။ ပြီးမှ လက်ကို အသာမြှောက်၊ တံခါးကို ခေါက်လိုက်တယ်။
တစ်ချက် -------။
နှစ်ချက် ----------------။
သုံးချက် ---------------------------။
အိမ်မပြန်ရဘူးလို့ ဘယ်သူပြောသလဲ။ ကျောင်းမပိတ်တော့ရော ဘာအရေးလဲ။ အိမ်ကို လွမ်းတဲ့ညတွေဆို မျက်ရည်ကျရင်း အစောကြီးအိပ်တယ်။ အိပ်မက်ထဲမှာ ငါ့စိတ်ကူးကို ငါပိုင်တယ်လေ။ မိုင်တွေ ဘယ်လောက်ဝေးဝေး၊ ရေမြေဘယ်လောက် ခြားခြား၊ အိပ်မက်ကိုတော့ ဘယ်သူမှ မတားနိုင်ပါဘူး။ ဒီလိုနဲ့ပဲ ငါ အိမ်ပြန်ခဲ့တာ အခါခါပေါ့။ ။
(ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဖေဖေတာဝန်ကျတုန်းက)
ရေတံခွန်တောင်လမ်း
စိတ်ကူးထဲမှာ
အပိုင်ဝယ်ထားတဲ့လမ်းကလေး။
မြို့ပြရဲ့ အတုအယောင်တွေ အဝေးက
သဘာဝမြင်ကွင်းတွေ စစ်စစ်
လေပြည်လေညင်းတွေ စစ်စစ်
ငါချစ်တဲ့ တောတွေ၊ တောင်တွေ
ကျေးငှက်သာရကာ၊ ပန်း၊ လိပ်ပြာတွေ
ဘာသာတရားရဲ့ အရိပ်အောက်က
ငြိမ်းချမ်းအေးမြမှုတွေ
အဲဒါ - ငါ့အိပ်မက်ထဲက ကမ္ဘာ
ဝိညာဉ်ဆာလောင်ခြင်းတွေရဲ့ ထွက်ပေါက်
အဲဒီမှာ - ငါတစ်ယောက်တည်းပဲ ဘုရင်။
အဲဒီလမ်းမှာဆိုရင် -
ပြုံးလို့၊ ရွှင်လို့၊ သီချင်းတွေဆိုလို့
လွင့်လို့၊ မျောလို့၊ လွတ်လပ်လို့။
ဒီလိုနဲ့ပဲ -
အာရုံတွေ မောပန်းလေးလံလာတိုင်း
ဆက်လက်ရှင်သန်ဖို့ ခွန်အား
အဲဒီလမ်းလေးမှာ သွား၊ သွားယူရတယ်။ ။