Thursday, March 29, 2012

နှင်းဆီအိမ်

ရေးသားသူ ယသော် at 9:56 AM

မြတ်နိုးလွန်းလို့ ဘယ်သူ့ကိုမှ ထုတ်မပြခဲ့တဲ့ စိတ်ကူးထဲက အိမ်ကလေးပါ။ အတွေးထဲမှာတောင် နှင်းဆီရနံ့တွေ မွှေးလို့။ ဟုတ်တယ်။ နှင်းဆီဆိုတာ ငယ့်ဘ၀တစ်လျှောက်လုံးမှာ အနှစ်သက်ဆုံးပန်း။ နှင်းဆီရဲ့ ဆူးချွန်မြမြတွေကို ချစ်တယ်။ ရိုးတံစိမ်းစိမ်းလေးတွေကို ချစ်တယ်။ ပွင့်ဖတ် အထပ်၊ အထပ်လေးတွေကို ချစ်တယ်။ အသာအယာ နမ်းရှိုက်ကြည့်မှ သိရတဲ့ တစ်ကိုယ်ရည်စာ ရနံ့ချိုရှရှလေးတွေကို ချစ်တယ်။ နှင်းဆီဆိုတာ သူ့ဘ၀၊ သူ့အလှ၊ သူ့မာနနဲ့ ရဲရဲတောက် ပွင့်ခဲ့တဲ့ပန်း။ တကယ်ပါ။ ငယ်သာ လူသားတစ်ယောက် မဟုတ်ခဲ့ရင် နှင်းဆီတစ်ပွင့်ပဲ ဖြစ်ချင်တယ်။

ယုံလား။ ငယ့်ရဲ့ အိမ်လေးကို နှင်းဆီတွေနဲ့ ကာရံထားတယ် ဆိုတာ။ မြင်ယောင်ကြည့်ပါ။ စည်းရိုးတစ်လျှောက်မှာ နွယ်နှင်းဆီ ရောင်စုံတွေလေ။ အဆုပ်လိုက်၊ အဆုပ်လိုက် ဝေဖြာလို့။ အိမ်အ၀င်လမ်း တစ်လျှောက်မှာ တစ်ပင်တိုင်နှင်းဆီတွေက မားမားမတ်မတ် ရပ်ကြလို့။ ခြံဝန်းတစ်ခုလုံးမှာလည်း နှင်းဆီတွေ၊ နှင်းဆီတွေလေ၊ အရောင်စုံ၊ အသွေးစုံ၊ ပွင့်လို့၊ ငုံလို့။ အသေးလေးတွေလည်းပါ၊ အကြီးကြီးတွေလည်းပါ၊ အစုလိုက်လည်းပါ၊ တစ်ပွင့်ချင်းလည်းပါ။ အို - နှင်းဆီသာ ဖြစ်ပါစေ။ ငယ်ကတော့ ချစ်တာပါပဲ။ ဘယ်နှင်းဆီကို ပိုချစ်သလဲ မမေးပါနဲ့။ ငယ်မဖြေတတ်ဘူး။

နှင်းဆီခင်းရဲ့ အလယ်မှာ ၀ရံတာလေးတွေနဲ့ ပြူတင်းပေါက် ကျယ်ကျယ်လေးတွေပါတဲ့ တစ်ထပ်အိမ် လှလှလေး ရှိမယ်။ အိမ်နံရံတွေမှာရော၊ ၀ရံတာတွေမှာပါ နှင်းဆီရိုင်းတွေက တွဲလျားကျလို့။ တစ်ခါတစ်ခါ ငယ့်အိပ်ခန်းထဲထိတောင် နှင်းဆီရိုင်းတွေက ကျူးကျော်ဝင်ပြီး ပွင့်ကြလို့။ လသာတဲ့ညတွေမှာ ငယ်ရယ်၊ လရောင်ရယ်၊ နှင်းဆီရနံ့တွေရယ် အေးလို့၊ လန်းလို့၊ ငြိမ်းချမ်းလို့။ ငယ်ကလည်း နှင်းဆီတွေကြားထဲမှာ လှဲလှောင်းရင်း အိပ်မက်တွေ မက်လို့။ ငယ့်ကမ္ဘာထဲမှာ ကောင်းကင်ကြီးလည်း ပြာလို့၊ ရာသီဥတုကလည်း သာယာလို့။ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ တကယ့်ဘ၀ရဲ့ အရှိတရားတွေ အားလုံးကို အဝေးမှာ ထားခဲ့လို့။

ငယ့်ရဲ့နှင်းဆီအိမ်ကလေးမှာ ဂုဏ်တွေ၊ ပကာသနတွေ မလိုဘူး။ ၀င်ငွေ၊ စီးပွားရေး အခွင့်အလမ်း၊ ရှေ့ရေးဘ၀တက်လမ်း၊ ဘာတစ်ခုမှ ထမ်းယူမလာဘူး။ စကားကြမ်းကြမ်းတွေ မပြောပါနဲ့။ ပန်းကလေးတွေ နွမ်းသွားလိမ့်မယ်။ ၂၁ ရာစုမှာ မွေးခဲ့တဲ့သူမို့ ကျောက်ခေတ်ကလိုတော့ မနေနိုင်ဘူးပေါ့။ ငယ့်အိမ်လေးထဲမှာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်စရာ အင်တာနက်နဲ့ ကွန်ပြူတာရယ်။ ငယ်ကင်းကွာပြီး မနေနိုင်တဲ့ စာအုပ်တွေရယ်။ ရုပ်ရှင်ကားကောင်းကောင်း တစ်ချို့နဲ့ ဂီတ။ နောက်ပြီးတော့ - ကဗျာ။

အိုမာခရမ် - ရေ။ မင်းက သစ်တစ်ပင်အောက်မှာ ပေါင်မုန့်တစ်ယှက်၊ ၀ိုင်တစ်ခွက်နဲ့ ချစ်သူရယ်၊ ကဗျာရယ် တဲ့။ မင်းဘ၀နဲ့မင်း ပျော်လို့။ ငယ်ကတော့ ၀ိုင်မကြိုက်တဲ့သူလေ။ အဲဒီတော့ - နှင်းဆီပင်အောက်မှာ ပေါင်မုန့်တစ်ယှက်၊ ကော်ဖီတစ်ခွက်နဲ့ ကဗျာရယ်၊ ပြီးတော့ ----- ပြီးတော့ - -- ချစ်သူ ရယ်။ ဟုတ်ပါရဲ့။ ငယ်ချစ်တဲ့ ငယ့်ရဲ့ နှင်းဆီအိမ်လေးထဲမှာ ငယ့်ချစ်သူတော့ ရှိစေချင်တာပေါ့။ ဒါပေမယ့် - ငယ့်ချစ်သူက ဘယ်သူလဲ။

အချစ်ဆိုတာ ငယ်မတွက်တတ်တဲ့ ပုစ္ဆာ။ တစ်ခါတုန်းကတော့ ချစ်တယ်လို့ ထင်ခဲ့ဖူးပါရဲ့။ တကယ်တော့ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကို ငယ်တို့တွေ ဘာသာပြန်လွဲခဲ့တာ။ တကယ်ပါ။ သူက ငယ့်ရဲ့ သူငယ်ချင်းကောင်း။ ကောင်းလွန်းတော့ အချစ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမယ့် ငယ့်ချစ်သူ သူ - မဟုတ်ဘူး။ လူတစ်ယောက်ကို ချစ်သူလိုချစ်ဖို့ ဘယ်အချက်တွေနဲ့ ကိုက်ညီရမှာလဲ။ ထားလိုက်ပါတော့လေ။ အချစ်မရှိလည်း ငယ့်နှင်းဆီလေးတွေကတော့ လှနေမှာပါ။

ဂျူးရဲ့ ဥယျာဉ်မှူးကတော့ ခင့်အတွက် စကားပင်တွေ ပျိုးသတဲ့။ စကားဥယျာဉ်ကြီးထဲက ရာ၊ထောင် ချီတဲ့ စကားပင်တိုင်းဟာ ခင့်အတွက် သူ့အချစ်ရဲ့ သက်သေတဲ့။ ချစ်သူလား၊ စကားတစ်ပွင့် ပွင့်ခဲ့တယ် တဲ့လား။ ပန်းချင်းတူရင် ချစ်သူပေးတဲ့ပန်းက ပိုမွှေးမှာပေါ့။ မေတ္တာနဲ့ ပျိုးတဲ့ပန်းဆိုတော့ ပိုပြီးလှမှာ၊ လန်းမှာပေါ့။ ငယ့်ရဲ့ နှင်းဆီအိမ်လေးမှာတော့ ဥယျာဉ်မှူးလည်း မရှိပါဘူး။ ဒါပေမယ့် - နှင်းဆီလေးတွေ ပွင့်နေရင် ငယ်ပျော်မှာပေါ့။ ဆရာမင်းသုဝဏ်က ပျဉ်းမငုတ်တို၊ ဆရာဇော်ဂျီက ဗေဒါပန်းတဲ့။ ငယ့်ဘ၀ရဲ့ တစ်ခုတည်းသော နိမိတ်ပုံကတော့ နှင်းဆီပန်းပေါ့။ မင်းတို့ပေးတဲ့ အားမာန်တွေနဲ့ ငယ်ဆက်ပြီး လန်းဦးမယ်။

နှင်းဆီဆိုတာ တကယ့်ကို မိန်းမဆန်တဲ့ပန်း။ သူ့ရနံ့ကိုက တစ်ဦးတစ်ယောက်တည်းအတွက် အထူးပြုလုပ်ထားသလို အနားကပ်ပြီး အသာအယာမွှေးကြည့်မှ ရင်ထဲထိ အေးမြစေတဲ့ ချိုရှရှ ရနံ့မျိုး။ သူ့ပွင့်ဖတ်လေးတွေမှာ မိန်းမပီသတဲ့ ပျောင်းနွဲ့မှု။ သိမ်မွေ့မှု၊ နူးညံ့မှု၊ လှို့ဝှက်မှုနဲ့ အလှတရား၊ အရာအားလုံး ရှိနေတယ်။ သူ့ရဲ့ ဆူးချွန်တွေက သူ့ဘ၀၊ သူ့အလှအတွက် စောင့်ရှောက်ရပ်တည်ပေးမယ့် မာန၊ အိနြေ္ဒနဲ့ သိက္ခာ။ ဆူးဆိုတာကိုက နှင်းဆီရဲ့အလှ။ အပျော်ခူးချင်တဲ့ လူတွေရဲ့ ရန်ကနေ ကာကွယ်ပေးမယ့် သဘာဝတရားရဲ့လက်ဆောင်။ ပန်းကလေးရဲ့ သက်တော်စောင့်။

နှင်းဆီက ပြတ်သားတယ်။ ခြွေစေချင်လို့လည်း ခရေလို ကြွေမပြဘူး။ သဇင်လို တော်ဝင်သူဘွဲ့ခံပြီး အယုအယခံရအောင်လည်း မလုပ်ဘူး။ ကိုယ့်ရပ်တည်မှုအတွက် သူတပါးကို အားကိုး၊ သစ်ခွလိုလည်း မမျှော်ကိုးတတ်ဘူး။ ကိုယ့်အခြေတစ်ခုပေါ်မှာပဲ အနေရဲရဲ၊ အသေရဲရဲနဲ့ ပွင့်ရဲတဲ့ပန်း။ နှင်းဆီမှန်ရင် နောက်ဆုံးရိုးတံ ကျန်တဲ့အထိ အပင်အပေါ်မှာ သစ္စာရှိကြတယ်။

ငယ့်ရဲ့ နှင်းဆီအိမ်လေးမှာ ပန်းမခူးရလို့တော့ ရေးမထားချင်ပါဘူး။ နှင်းဆီလည်း ပန်းမို့ ကြိုက်တဲ့လူ နမ်းခွင့် ရှိတာပါပဲ။ ဆူးစူးခံဝံ့လောက်အောင် တန်ဖိုးထားသူဆိုရင်တော့ ငယ့်နှင်းဆီလေးတွေကို ခူးချင်ခူးပါစေ ပေါ့။ မြတ်နိုးတတ်သူလက်ထဲမှာ သူတို့လည်း ပျော်မှာပါလေ။ တကယ်တန်းဆိုတော့လည်း နှင်းဆီဆိုတာ လူချစ်၊ လူခင်များတဲ့ ပန်းပေပဲ။ ကမ္ဘာမြေအနှံ့မှာ နှင်းဆီ မရောက်တဲ့နေရာ မရှိဘူး။ နှင်းဆီကို မသိတဲ့လူ မရှိဘူး။ လူတန်းစား အလွှာအသီးသီး၊ ကမ္ဘာ့နေရာ အသီးသီးက အားလုံးနဲ့ ရင်းနှီးတဲ့ပန်း။

နှလုံးသားနဲ့ နားထောင်ကြည့်ပါ။ နှင်းဆီပွင့်လေးတွေတိုင်းမှာ ပြောပြစရာ ပုံပြင်လေးတွေ ရှိလိမ့်မယ်။ ဒါကြောင့် ငယ့်ရဲ့ နှင်းဆီအိမ်ကလေးကလည်း ပုံပြင်တွေနဲ့ဆောက်တဲ့ အိမ်ကလေးပါပဲ။ ရန်သူမျိုးငါးပါး ကို ကြောက်လို့ ငယ့်အိမ်လေးမှာ လိပ်စာတပ်မထားဘူး။ စိတ်ကူးထဲက အိမ်ကလေးဆိုတော့ ဘယ်သူ့ကိုမှ အခွန် ဆောင်စရာ မလိုဘူး။ ပျောက်ရှပျက်စီးသွားမှာကို စိုးရိမ်စရာ မလိုဘူး။ အဲဒီအိမ်လေးထဲမှာ ငယ်မုန်းတဲ့လူတွေ လာခွင့်မရှိဘူး။

ဘယ်သူပြောနိုင်မလဲ။ တစ်နေ့မှာ ငယ့်ရဲ့နှင်းဆီအိမ်လေး တကယ်ဖြစ်မလာဘူးလို့။ ငယ်က ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့သူမို့ ငယ့်အိပ်မက်တော်တော်များများဟာ ငယ့်လက်ထဲမှာ အသက်ဝင် လှုပ်ရှားလို့။ ဒါကြောင့် မဝေးတဲ့ တစ်နေ့မှာ ငယ့်ရဲ့ နှင်းဆီအိမ်လေးကို ငယ်ကိုယ်တိုင် ပျိုးထောင်ခွင့် ရနိုင်ပါလိမ့်မယ်။ ကံကြမ္မာ မျက်နှာသာပေးခဲ့ရင် ငယ့်ကို အမှန်တကယ် ချစ်နိုင်မယ့် ချစ်သူစစ်စစ်တစ်ယောက် ဟာ ငယ့်နှင်းဆီအိမ်လေးရဲ့ ဥယျာဉ်မှူး ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ အခုတော့ - ငယ့်စိတ်ကူးထဲက နှင်းဆီ အိမ်လေးကို လူတွေ မမြင်အောင် တိတ်တိတ်လေး သိမ်းလို့။ တစ်ယောက်တည်း ပြုံးနေပြီဆိုရင် သေချာပြီ။ ငယ့်အတွေးထဲမှာ နှင်းဆီတွေ မွှေးနေပြီ ဆိုတဲ့အကြောင်း ---------------။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea