အခန်း (၁)
(ဘိုးဘွားရိပ်သာ တစ်ခုရှေ့တွင် ဘိုးဘွား ၂ ဦး ထိုင်၍ စကားပြောနေ)
ဒေါ်ထား ဟုတ်ကဲ့ပါ။ ဦးမြမောင် အခုလို စိတ်ဝင်တစား လာမေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က ဒီရိပ်သာလေးကို တပိုင်တနိုင်ကနေ စခဲ့တာဆိုတော့ အခုထိ ရှိတဲ့လူတွေနဲ့ ကြိုးစားလည်ပတ်နေရတုန်းပါပဲ။
ဦးမြမောင် ကျွန်တော်လည်း သတင်းစာမှာ တွေ့လိုက်လို့ စိတ်ဝင်စားပြီး လာလေ့လာတာပါ။ အခုလို စိတ်ရှည်လက်ရှည် ရှင်းပြတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့ အနေအထားတွေ ခံစားချက်တွေက အိမ်က မိသားစုတွေနဲ့ အလှမ်းဝေးနေသလိုပဲ။ ကိုယ့်ကိုယ်ကို လူပိုတစ်ယောက်ဖြစ်နေသလို ခံစားရတယ်။
ဒေါ်ထား ဟုတ်ပါတယ်။ ကျွန်မတို့ကို ဘယ်သူမှ တာဝန်ယူစရာမလိုဘဲ ကျွန်မတို့တွေ တတ်စွမ်းသမျှ ကိုယ့်အချင်းချင်း စောင့်ရှောက်ကြမယ်။ ကျွန်မတို့ လုပ်လို့ရတာတွေ အတူပူးပေါင်းဆောင်ရွက်ကြမယ်လို့ စဉ်းစားမိပြီး ဒီ Beauty of Age အဖွဲ့လေးကို ဖွဲ့ခဲ့တာပါ။ တစ်စတစ်စနဲ့ စိတ်ဝင်စားတဲ့လူတွေလည်း များလာပါတယ်။
(အသုပ်စုံတွေ ရမယ်။ ဟု အော်ရင်း အမျိုးသမီးကြီးတစ်ဦး စင်ထောင့်မှ ဝင်လာ)
ဒေါ်ထား အသုပ်စုံ လာပါဦး။ ခဏလေးပါနော် ဦးမြမောင်။ ကျွန်မ သူ့ကို သတိထားမိတာ ကြာပြီ။ သူ့အကြောင်းလေးတွေ နည်းနည်း မေးကြည့်ချင်လို့ပါ။ ဦးမြမောင်လည်း စိတ်ဝင်စားမယ် ထင်ပါတယ်။ လာ ထိုင်ပါဦး အစ်မကြီး။ အစ်မကြီးရယ် အရွယ်တွေလည်း ရလာပါပြီ။ ရာသီဥတုကလည်း ပူလိုက်တာနဲ့။ ကျွန်မသတိထားကြည့်နေတာ တစ်ရက်မှ မနားဘူးနော်။
ဒေါ်တင် နားချင်တာပေါ့ရှင်။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ရက်လုပ်မှ တစ်ရက်စားတွေ ဖြစ်နေတာကို။ ဘဝပေးကုသိုလ်ပေါ့။ ကဲ - အသုပ် ဘယ်နှစ်ပွဲ ပြင်လိုက်ရမလဲ။
ဒေါ်ထား ဝယ်မှာပါ အစ်မကြီးရယ်။ အစ်မကြီးရဲ့ အကြောင်းလေးတွေကိုလည်း နည်းနည်းမေးကြည့်ချင်လို့ပါ။ ပြီးရင် ကျွန်မ အားလုံးဝယ်ပါ့မယ်။
(MPH ကျောင်းသူတစ်ဦးဝင်လာ)
ကျောင်းသူ တစ်ဆိတ်လောက်ပါရှင်။ ဒီ beauty of age ကို ဦးစီးတည်ထောင်တဲ့ တာဝန်ရှိသူနဲ့ တွေ့ချင်လို့ပါရှင်။ ကျွန်မက ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ မဟာဘွဲ့တက်နေတဲ့ ကျောင်းသူပါ။ ကျွန်မရဲ့စာတမ်းနဲ့ ပတ်သက်ပြီး မေးချင်တာလေးတွေ ရှိလို့ပါ။
ဒေါ်ထား လာထိုင်ပါ သမီး။ အဘွားက ဒေါ်ခင်ခင်ထားပါ။ ဒီအဖွဲ့ရဲ့ တာဝန်ခံတစ်ဦး ဆိုပါတော့။ သမီးက ဘာစာတမ်းကို ရေးမှာလဲကွယ်။
ကျောင်းသူ သက်ကြီးရွယ်အိုတွေရဲ့ လူမှုဘဝနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တာကို ရေးမှာပါ။ ဂျာနယ်မှာ ဒီအဖွဲ့ အကြောင်းတွေ့လိုက်တော့ စိတ်ဝင်စားမိလို့ပါ။ ဒီကအဘိုးတို့၊ အဘွားတို့ရဲ့ အကူအညီတွေလည်း ရချင်ပါတယ်။ သက်ကြီးရွယ်အိုဘဝရဲ့ အတွေ့အကြုံတွေပေါ့။
ဒေါ်ထား အတော်ပဲ သမီးရေ။ အဘွားလည်း ဒီက အမကြီးရဲ့ ဘဝကို စိတ်ဝင်စားလို့ မေးကြည့်မလို့ပဲ။ သမီးပါ နားထောင်သွားပေါ့။ ပြီးမှ ကျန်တဲ့လူတွေအကြောင်းတွေ ဆက်ပြောကြတာပေါ့။
ဦးမြမောင် အဘိုးလည်း အဘိုးအကြောင်းကို ပြောပြပါမယ်။ ဒီလိုနားထောင်မယ့်လူ ရှိလို့ကတော့။
ကျောင်းသူ ဟုတ်ကဲ့။ အားလုံးကို ကျေးဇူးတင်ပါတယ်။ သမီးလည်း အများကြီး သိရတာပေါ့။
အခန်း (၂)
သားမက် အေ့။ ဘယ်ရောက်သွားပြီလဲ ဟိုမိန်းမ။ ဟေ့ မိန်းမ။ ဘယ်သွား အလေလိုက်နေလဲ။ ငါ့ကို ပိုက်ဆံပေးစမ်း။
သမီး မနက်လင်းတာနဲ့ အပင်းကဆို့ချင်ပြီ။ ရှင့်လုပ်စာ ဘာရှိလို့ အော်ဟစ်နေရတာလဲ။ တစ်နေ့၊ တစ်နေ့ ကျုပ် ပန်းရန်လုပ်လို့ရတဲ့ ငွေနဲ့ပဲ ထမင်းဖိုးလုပ်နေရတာ။ ရှင် အရည်သောက်ဖို့ ပိုမရှာနိုင်ဘူး။
သားမက် တယ်။ ငါလုပ်လိုက်ရင် နာတော့မယ်။ အိမ်ဦးနတ်ကို မပြုစုလို့ ဘယ်လင်ငယ်ကို နင်ကကျွေးချင်သေးလို့တုန်း။
သမီး အံမယ်လေး။ ရှင့်ကိုတောင် ဖွတ်မထွက်ခင်မို့ တောင်ပို့မှန်းမသိခင် ယူမိတာပါတော်။ ကျုပ်ကအရူးမို့ လင်ငယ်ထပ်ရှာရမှာလား။ နောက်တစ်ယောက်ထပ်ကျွေးနေရအောင်။ ဟဲ့ ဟို ရ တာနာလေး။ ဘယ်ရောက်သွားပြီလဲ။ လာစမ်း ဒီကို။ လမ်းထိပ်က အပေါင်ဆိုင်မှာ ဒီခြင်ထောင်သွားပေါင်ချေဦး။ ပိုက်ဆံမယူခဲ့နဲ့နော်။ ဆန်လေးလုံးရအောင် ပြောပြီးယူခဲ့။ ညနေမှ အမေပြန်လာရွေးမယ်လို့။
မြေး အမေ၊ အမေ။ ဒါက ဟိုနေ့က ဆရာမတွေ ဝေသွားတဲ့ ဆေးစိမ်ခြင်ထောင် မဟုတ်လား။
သမီး လျှာမရှည်နဲ့။ တစ်အိမ်လုံးမှာ ဒါပဲ အသစ်ရှိတာ။ ခြင်ကိုက်တာများ အဆန်းလုပ်လို့။ လောလောဆယ် ထမင်းစားရဖို့ အရေးကြီးတယ်။
သားမက် ဟိတ်။ ငါ့ဖို့ တစ်ပိုင်းလောက် ဝင်ယူခဲ့စမ်း။ ညနေ နင့်အမေပြန်လာမှ ရှင်းမယ်လို့ ပြောခဲ့။
ဒေါ်တင် ဟဲ့ ငါဝင်မပြောချင်လို့ ကြည့်နေတာ။ နင်ပထွေးဖြစ်တိုင်း ငါ့မြေးလေးကို အရက်ဆိုင်မလွှတ်နဲ့။ နင့်သမီးဆိုရင် နင်လွှတ်မလား။
သားမက် ဒီအဖွားကြီးတော့ နာတော့မယ်။ အခုခေတ် ကောင်မလေးတွေ အရက်လိုက်ရောင်းနေတာ ခင်ဗျားမမြင်ဘူးလား။ ခင်ဗျားလုပ်စာ ဘယ်လောက်ရှိလို့ ဝင်ဝင်ပြောနေရတာလဲ။ မကျေနပ်ရင် ကျုပ်အိမ်ပေါ်ကဆင်း။
ဒေါ်တင် ငါကလည်း ငါ့မြေးလေး ရှိနေလို့ နေနေတာပါ။ မဟုတ်ရင် နင့်မျက်နှာကို မကြည့်ချင်ပါဘူး။ လာ မြေးလေး အဘွားလိုက်ပို့မယ်။
အခန်း (၃)
(ခုံတစ်လုံးတွင် အဘိုးအိုထိုင်နေ။ အမျိုးသမီးတစ်ဦး ခြင်းတောင်းဆွဲ၍ ထွက်လာ)
ဦးမြမောင် သမီးရေ။ ဈေးသွားတော့ မလို့လား။
သမီး အဖေ မမြင်ဘူးလား။ ဈေးခြင်းတောင်းကို။ အပိုတွေ ပြောနေပြန်ပါပြီ။ တကယ်တည်း။
ဦးမြမောင် မဟုတ်ပါဘူးကွာ။ ဈေးသွားရင်းနဲ့ လမ်းကြုံရင် ဟိုနေ့ကတည်းက သမီးကိုမှာထားတဲ့ တရားခွေလေး ဝယ်ခဲ့ပေးဖို့ သတိပေးတာပါ။
သမီး မေ့နေလို့ မဟုတ်ဘူးအဖေရေ။ အချိန်မရလို့ကို မဝင်ခဲ့ရတာ။ အရင်တရားခွေတွေ အရှိသား မဟုတ်လား။ တရားဆိုတာ ရင်ထဲရှိနေဖို့ပဲ အရေးကြီးတာပါ။ နောက်ရက်ကြုံရင် ဝယ်ခဲ့မယ်။ ဒီနေ့တော့ ဝယ်စရာတွေ များတယ်။ အဖေ့ဆိုင်ဘက် မလှည့်နိုင်သေးဘူး။ ကုန်ဈေးနှုန်းကလည်း တစ်နေ့တစ်နေ့ တက်နေတာ အဖေရဲ့။
ဦးမြမောင် အေးပါ။ အဲဒီဆရာတော်ရဲ့ တရားပွဲက တအားကောင်းတာပဲလို့ ပြောကြလို့ပါ။ ငါ့ဟာငါပဲ အရင်တရားခွေလေးတွေ ဖွင့်ပြီး နာနေတော့မယ်။
(အဘိုးအိုက ခုံပေါ်မှ ထ၍ CD တစ်ချပ်ကိုင်ကာ စက်ရှိရာဘက်သို့သွားစဉ် မြေးမလေးတစ်ဦးဝင်လာ)
မြေး ဘိုးဘိုးနော်။ သမီးက ဒီတစ်ရက်လေးပဲရုံးပိတ်တာ။ သင်္ကြန်သီချင်းခွေအသစ် ဖွင့်မလို့။ ဘိုးဘိုးတရားက သမီးရုံးသွားတဲ့ရက်တွေမှာ နာလည်း ရတာပဲ။ သမီးအရင်ကြည့်မယ်။
ဦးမြမောင် သမီးရယ် တခြားရက်တွေကလည်း သမီးမောင်လေးက နွေရာသီကျောင်းပိတ်တုန်းဆိုပြီး တစ်ချိန်လုံး game ဆော့နေတာ။ ညကျတော့လည်း သမီးအမေက ကိုရီးယားကား၊ သမီးအဖေက ဘော့လုံးပွဲနဲ့။
မြေး အားလုံးက ကိုယ့်အလုပ်နဲ့ကိုဆိုတော့ အားတဲ့ အချိန်လေးပဲ ကြည့်ကြရတာလေ။ ဘိုးဘိုးက အလုပ်မှ မရှိတာပဲ။ တခြားလုပ်စရာရှိတာတွေ လုပ်ပေါ့။ အဲဒါကို ပွစိပွစိနဲ့။ အဲဒါကြောင့် ဘိုးဘိုးကို ပြောတာ။ ဘိုးဘိုးက ဒိတ်အောက်နေပါပြီလို့။
ဦးမြမောင် ဟုတ်ပါတယ်။ ဒါကြောင့် ဟိုဘက်က အဘိုးသူငယ်ချင်းတွေလို ရိပ်သာမှာ သွားနေမယ်ဆိုတော့လည်း သမီးတို့ပဲ ရှက်လှပါချည်ရဲ့ဆို။
မြေး ဟုတ်တယ်လေ။ သမီးတို့ ကျွေးနိုင်မွေးနိုင်နေရဲ့သားနဲ့ အဲဒီမှာ သွားနေမယ်ဆိုတော့ သမီးတို့ကို သူများတွေက ဘယ်လိုထင်မလဲ။ တော်ပြီ၊ တော်ပြီ။ ဖီလင်အောက်တယ်။ အပြင်ပဲသွားတော့မယ်။ ရုံးပိတ်ရက်လေး အိမ်မှာနေမယ် စဉ်းစားတော့လည်း နားပူတယ်။
ဦးမြမောင် သြော် ဒုက္ခ၊ ဒုက္ခ။ ဒီတစ်မိသားစုလုံးကို ငါလုပ်ကျွေးခဲ့တုန်းက ဒီလို မဟုတ်ကြပါလား။ မိန်းမရေ။ မင်းကတော့ အေးချမ်းသွားပြီပေါ့ကွား
အခန်း (၄)
(အဘွားအိုတစ်ဦး ဖုန်းပြောနေ)
ဒေါ်ထား အေးပါ။ ရပါတယ်။ မာမီက အဆင်ပြေပါတယ်။ အင်း ဟုတ်တယ်။ ဒီတစ်ကြိမ်က chemotheraphy last course ပဲ။ သက်သာပါတယ်။ မြေးလေးတွေကိုသာ ဂရုစိုက်လိုက်ပါ။ အဲဒီမှာကလည်း သမီးမရှိလို့မှ မဖြစ်တာ။ ရတယ်။ ရတယ်။ ပြန်မလာနဲ့။ ဒီနိုင်ငံ တစ်ခါပြန်လာဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ မာမီကရပါတယ်။ အေး၊ ဒါပဲ။ ဒါပဲ။
(လှလှပပ ဝတ်စားထားသော အမျိုးသမီးတစ်ဦး ပန်းစည်းတစ်စည်း ကိုင်၍ဝင်လာ)
ချွေးမ (ပါးကို လှမ်းနမ်းပြီး ပန်းစည်းပေးရင်း) it’s for you မာမီ။ သက်သာတယ် မဟုတ်လား။ ဆေးရော သောက်ပြီးပြီလား။ သမ။ိးခေါ်ပေးထားတဲ့ nurse ကရော အဆင်ပြေရဲ့လား။ သမီးတို့လည်း တစ်နေ့တစ်နေ့ လုပ်ငန်းတွေကို ကြီးက်ြပ်နေရတာနဲ့ကို မအားရပါဘူး။ အခုတောင် မာမီ့သားက လိုက်လာမလို့ဘဲ။ meeting တစ်ခု မဖြစ်မနေ တက်ရမှာ ရှိနေလို့လေ။
ဒေါ်ထား ရပါတယ် သမီးရယ်။ မာမီနေတတ်ပါတယ်။ သမီးလည်း မအားရင် တကူးတက မလာပါနဲ့။
(အမျိုးသမီး၏ ဖုန်းမြည်လာ။ အိတ်ထဲမှ ဖုန်းတစ်လုံးပြီး တစ်လုံး ထုတ်၍ကြည့်ရင်း)
ချွေးမ excuse me မာမီ။ ဟဲလို။ ဘာ။ စက်ရုံက ဝန်ထမ်းတွေ လစာတိုးတောင်းလို့။ မန်နေဂျာ ဘာလုပ်နေလဲ။ သူလည်း အတူတူပဲ ဟုတ်လား။ အေး ငါ အခုချက်ချင်းလာပြီ။ ဒါပဲ။ (ဖုန်းကို ပြန်ထည့်ရင်း) မာမီ
ဒေါ်ထား ရတယ် သမီး သွားပါ။ သွား။ never mind.
ချွေးမ OK. Take care yourself မာမီ။ (ကတိုက်ကရိုက်ပြန်ထွက်သွား)
ဒေါ်ထား (ဖုန်းခေါ်ရင်း) မိုးရေ။ ဟုတ်တယ်။ အန်တီထားပါ။ ဟိုတလောက အန်တီပြောဖူးတဲ့ ကိုယ်ထူကိုယ်ထ Elderly Certer လေး လုပ်ဖို့ဆိုတာလေ။ အဲဒါလေးကို ဖြစ်နိုင်ရင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် စလိုက်တော့ သမီးရေ။
အခန်း (၅)
(အခန်း-၁ မှ လူများ နေရာပြန်ယူ)
ဒေါ်ထား အဲဒါပါပဲသမီးရေ။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေက မကုန်နိုင်ဘူးပေါ့။ အခုတော့ အဘွားတို့မှာ member နှစ်ဆယ်လောက်တော့ ရှိပါတယ်။ အသေးစိတ်ကိုတော့ အထဲမှာ ဆက်ပြီးရှင်းပြမယ်လေ။ အခုလို ပြောပြပေးတဲ့ အစ်မကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ဒါနဲ့ စိတ်မရှိပါနဲ့နော်။ ဒီအသုပ်တွေ အတွက် ဘယ်လောက်ကျပါသလဲ။ ကျွန်မ ငွေရှင်းပေးပါရစေ။
ဒေါ်တင် ပိုက်ဆံမပေးပါနဲ့။ အခုလို ကျွန်မပြောချင်တာတွေ နားထောင်ပေးတာကိုပဲ ဝမ်းသာလှပါပြီ။ ကဲ- အချိန်မလင့်ခင် ကျွန်မလည်း သွားဦးမှ။
ဦးမြမောင် သမီးတို့လို လူငယ်တွေ၊ တတ်ကျွမ်းနားလည်သူတွေက သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဝင်စားတာကို အရမ်းကျေးဇူးတင်ပါတယ်ကွယ်။ အနည်းဆုံးတော့ လူကြီးတွေ ရင်ထဲမှာ ဘာတွေရှိနေတယ်။ ဘာတွေ ခံစားနေရတယ် ဆိုတာကို နားလည်ပေးနိုင်ရင်ကိုပဲ အဘိုးတို့က ကျေနပ်နေမှာပါ။
ကျောင်းသူ သမီးတို့တွေကလည်း သက်ကြီးရွယ်အိုတွေကို အဓိက ဦးစားပေးရမယ့် အပိုင်းတစ်ခုအနေနဲ့ စဉ်းစား နေကြပါတယ်။ တကယ်တော့လည်း သမီးတို့တွေကိုယ်တိုင်တောင် ကိုယ့်ရဲ့ အလုပ်အကိုင်အရပဲဖြစ်ဖြစ်၊ ပညာရေး အတွက်ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မိဘတွေကို အချိန်မပေးနိုင်တာတွေ၊ နားလည်မှုမပေးနိုင်တာတွေ အများကြီးရှိခဲ့ပါတယ်။ အခု အဘိုးတို့၊ အဘွားတို့ ပြောတာတွေနားထောင်ပြီး သမီးလည်း ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့ မေးခွန်းတွေ အများကြီးပါပဲ။ သက်ကြီးသူတို့ ကျန်းမာဖို့၊ လူမှုဘဝ မြှင့်တင်စို့ - ဆိုတာကို သမီးအခုမှ သေချာနားလည်ပါတော့တယ်။ ။
၎.၄.၂၀၁၂
0 comments:
Post a Comment