Saturday, April 18, 2009

သို့ယင်းမာ

ရေးသားသူ ယသော် at 12:00 AM
အနှိုင်းမရှိ တန်ခိုးကြီးမားတယ်ဆိုတဲ့
သျှစ်သောင်းဘုရားကို သက်သေထားပြီး
သစ္စာစကားဆိုလိုက်မယ်
မင်းသိပါစေ - ယင်းမာ။


နန်းရာကုန်း မြို့ရိုးထက်က
ငါ့နှလုံးသွေးစက်နဲ့ ရေးခဲ့တဲ့
သတိရခြင်း သက်သေပြချက်တွေဟာ
မိုင်ပေါင်းများစွာကို ကျော်ဖြတ်
တနေ့တော့ မင်းဖတ်ကြည့်နိုင်မှာပါ။

သူတို့တွေ မြတ်နိုးကြတဲ့
ကစ္စပနဲ့ အဉ္စန နဒီ မြစ်နှစ်မွှာကိုငေး
လွမ်းတတ်သူရဲ့ အတွေးထဲမှာ
ငါချစ်တဲ့ ယင်းမာနဲ့ သလ္လာဝတီမြစ်ကြီး
တဝေါဝေါ မြည်ဟီးလို့။

သဇင်ပန်းတွေထက် တမာပန်းတွေကိုချစ်တဲ့ငါ
သူတို့တတွေရဲ့ အကြားမှာ
ပျော်ဝင်မနေနိုင်ခဲ့တာ
မထူးဆန်းလှပါဘူး။

လွမ်းတယ် ယင်းမာရယ်။
မင်းရဲ့ အာဝါသအောက်မှာ
လူလားမြောက်ခဲ့တဲ့ငါ့အတွက်
အဲဒီနေ့ရက်တွေဟာ
ရွှေနဲ့ဆက်ပြီး ဖလှယ်လို့ မရသလို
မင်းဟာ ငါ့အတွက်
နေရာဟောင်းတခု ဆိုတာထက်
အများကြီး ပိုလေးနက်ခဲ့တယ် ဆိုတာ
အခုမှ ပိုပြီးသေချာလာတယ်။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea