Saturday, April 18, 2009

ကြိုး

ရေးသားသူ ယသော် at 6:04 PM
စက်နဲ့စုပ်၊ လေနဲ့မှုတ်
ဖုတ်လှိုက်၊ ဖုတ်လှိုက် အသက်
(အခုမှ) ၀မ်းတွင်းထွက်ခါစ ကလေး
လူထက်လေးခဲ့သော ဆေးများ
အားတင်းရင်း အသက်ရှင်
ဒါလူ့ဖြစ်စဉ် အစ။


ကြိုးစားပါ ကလေးရေ။
အသက် တစ်ချက်ရှုတိုင်းဟာ
လောကကို စိန်ခေါ်တာကွဲ့။
ရဲရဲရှု၊ ရဲရဲငို
အို - တလောကလုံး တုန်ချင်တုန်ပါစေ။

ဘ၀ဆိုတာက ကလေးရယ်။
ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်ခွက်
ရေထည့်ရင် ရေခွက်
ရွှေထည့်ရင် ရွှေခွက်
ထည့်သူနဲ့ ကြည့်သူ
အမြင်တူဖို့ပဲ လိုတယ်။

ထည့်ပစ်လိုက်စမ်းပါ။
ဘာတွေပဲ ဖြစ်ဖြစ်
မှားရင်လဲ ပြန်ပြင်
လဲရင်လဲ ပြန်ထ
ဒေါင်ပဲကျကျ၊ ပြားပဲကျကျပေါ့။

အရေးကြီးတာက
လောကကိုလည်း ခင်တွယ်
မိဘကိုလည်း ခင်တွယ်
သံယောဇဉ်တွေသာ ရှိမယ်ဆိုရင်
မင်းလူတော်လူကောင်းဖြစ်အောင်
အချိန်နဲ့ ကံကြမ္မာက
(သူ့အလိုလို) ပြုပြင်ပေးပါလိမ့်မယ်။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea