Saturday, April 18, 2009

မှာတမ်း

ရေးသားသူ ယသော် at 12:04 AM
ဂျူတီဝင်တယ်၊ ဂျူတီထွက်တယ်။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက် ကြီးလာတယ်။
သွေးချိန်တယ်၊ ဆေးထိုးတယ်။
ဗိုက်နာတယ်လား။

ခေါင်းမူးတယ်လား။
ကောင်းသွားမှာပါ။
မတည့်တာ မစားနဲ့။
သက်သာသလိုနေ။
စိတ်ကို ရှည်ရှည်ထား။
ကောင်းသွားမှာပါ။
သွေးအန်တယ်လား။
ဘယ်တုန်းကလဲ။
ဘယ်လောက်များလဲ။
အကြီးတွေဆီ ဖုန်းဆက်
ဟုတ်ကဲ့ - မမ။
ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ မမ။

လူနာအသစ်လား။
ဘာဖြစ်လဲ။ ဘယ်လိုနေလဲ။
ဒီဟာစစ်ရမယ်။ ဟိုဟာစစ်ရမယ်။
ရလာတဲ့အဖြေ
သေချာပါ့မလား။
(စက်ကိရိယာတွေ အားကိုးနဲ့။)

ဂျူတီဝင်တယ်။ ဂျူတီထွက်တယ်။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက်ကြီးလာတယ်။
(ဦးနှောက်တွေရော ကြီးလာပါရဲ့လား။)
(နှလုံးသားတွေရော ပြည့်ဝပါရဲ့လား။)
(အသိစိတ်တွေရော ရင့်ကျက်ပါရဲ့လား။)
ငယ်ငယ်တုန်းက အမြဲပြောတယ်။
သမီးကြီးရင် ဆရာဝန်လုပ်မယ်လို့။
မေမေနေမကောင်းရင်ကုဖို့။
ဒီတခေါက် စာရေးတယ်။
မေမေရေ -
နေကောင်းအောင် နေနော်။
အဆင့်မြင့်ဆေးရုံကြီးပေါ်က
အလုပ်သင်ဆရာဝန် မေမေ့သမီးငယ်လေ။
တကယ်ပါ -
မေမေဖျားမှာ ကြောက်တယ်။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea