Saturday, April 18, 2009

မော်ဒန် မန္တလေး

ရေးသားသူ ယသော် at 6:22 PM
သက္ကရာဇ်တွေ အကြိမ်ကြိမ် တိုက်စားလို့
ပြောင်းလဲမှု အသစ်အသစ်တွေကြားက
လူလားမြောက်လာတဲ့ မန္တလေး။
အုတ်ကျစ်ကျော်အေး မန္တလေး။
ရတနာပုံ မန္တလေး။
အခုတော့ - မော်ဒန် မန္တလေး။

ရွှေခြေကျင်းနဲ့ စက်ဘီးမြို့တော် မရှိတော့ဘူး။
ဘောင်းဘီတို စကပ်အကွဲနဲ့
မော်တော်ဆိုင်ကယ် စီးတဲ့မြို့။
ရှမ်းခေါက်ဆွဲ အကင်ဆိုင်နဲ့မို့
မုန့်ဟင်းခါးကို အတိတ်မှာ ချန်ခဲ့တဲ့မြို့။

ဆရာမြို့မငြိမ်း ကယ်ပါ။
လက်ဖက်ရည်ကို hip hop နဲ့ မြည်းနေကြပြီ။
စည်ဘီယာ၊ ကာယာအိုကေနဲ့ မန္တလေးည
ဒီလို အချိန်ကြ
နန်းတော်ရှေ့ ဆရာတင်ကို သတိရတယ်။

စာတွေရေးပါဦး အမေမာရေ။
သမီးတို့ မမှီလိုက်တဲ့ မန္တလေးကို
အမေ့ရှေးစကားတွေထဲမှာ ရှာရအောင်။

အမေ မရေးသေးတဲ့ မော်ဒန်မန္တလေးထဲမှာ
အနုပညာငါးစာတွေနဲ့
ကိုယ့်ကိုယ်ကို မျှားရင်း
သမီးတို့လို ငါးငယ်လေးတွေကတော့ -
ကူး - တုန်း - ခတ် - တုန်း ။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea